ကောလင်း ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ မြို့နယ်ပညာရေး စုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သဇင်ခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးတင်စိုးနှင့် ဒေါ်ဖြူဖြူဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်မာမာအေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် သိပ္ပံနှင့် ပန်းချီပြခန်း၊ အိမ်တွင်းမှုနှင့် လက်မှုပညာပြခန်း၊ စိုက်ပျိုးရေးပြခန်း၊ အားကစား ပြခန်းများအား လည့်လည်ကြည့်ရှုခဲ့ကြသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က အဖွင့်အမှာစကားအနေဖြင့် မိမိတို့နိုင်ငံဟာဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် အဖက်ဖက်က ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နေရာတွင် ပညာရေးကဏ္ဍဟာ အခြေခံကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ကြောင်း၊ မိမိတို့နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်ဖို့အတွက် နိုင်ငံသားကောင်းတွေ မွေးထုတ်ပေးရာ မွေးမြူပေးရာဌာနဟာ ပညာရေးဌာနဖြစ်ကြောင်း၊ ယခုပွဲမှာ ဆုရရှိတဲ့ ကျောင်းသား၊ ကျောင်းသူများဟာ ဆုမရရှိတဲ့ ကျောင်းသား၊ကျောင်းသူများရဲ့ အတုယူစရာ စံပြ ကျောင်းသား၊ကျောင်းသူများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းတို့က အမှာစကားပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဒေါ်မာမာအေးက ပညာရေးစုံညီပွဲတော်ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် နေ့ထူးနေ့မြတ်အထိမ်းအမှတ် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီးနောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူလေးများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
မြင့်ထွန်းမင်း(ပြန်/ဆက်)