ဗန်းမော် ဇန်နဝါရီ ၁၂
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် မြန်မာ့အသံချစ်သူများအဖွဲ့ (Radio Fan Club) အဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို ကချင်ပြည်နယ် ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ယနေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ပျော်ရွှင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) ညွှန်ကြားရေးမှူး(ဂီတ) ဦးတိုးကျော်က မြန်မာ့အသံချစ်သူအဖွဲ့ဆိုသည်မှာ မြန်မာ့အသံ၏ အမာခံပရိသတ်ဖြစ်သည့် ဒေသအသီးသီးက သောတရှင်များနှင့် စုစည်းထားသည့် အဖွဲ့ဖြစ်ပါကြောင်း၊ မြန်မာ့အသံ၏ အမာခံပရိသတ်တွေပီပီ မြန်မာ့အသံ၏ ထုတ်လွှင့်မှုအစီအစဉ်များကို ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်းအကြံပြု ပေးကြရန်နှင့် မြန်မာ့အသံကို ဒေသသတင်းအချက်အလက်များ ရရှိအောင် ပူးပေါင်းဆောင်ရွက်ပေးကြရန် ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် မြန်မာ့အသံသို့သတင်းများပေးပို့ပြီး ထူးချွန်စွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာ့အသံချစ်သူအဖွဲ့ဝင်များအား ညွှန်ကြားရေးမှူး(ဂီတ) ဦးတိုးကျော်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး မြန်မာ့အသံ၏လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းတင်ဗွီဒီယိုကို ပရိုဂျက်တာဖြင့် ပြသခဲ့သည်။ ဆက်လက်၍ မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ “အနာဂတ်များလှစေချင်” အစီအစဉ်၊ “ဇာတ်လမ်း သရုပ်ပြ” အစီအစဉ်၊ “ပြည်သူ့ကြားက စကားသံ” အစီအစဉ်၊ “ပြုံးပဒေသာ”အစီအစဉ် သရုပ်ပြတင်ဆက်ခြင်းနှင့် “ပြည်သူ့အတွက် ထာဝရမြန်မာ့အသံ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက် ခြင်းများကို လည်းကောင်း၊ ဗန်းမော်မြို့ ဒေသခံ တိုင်းရင်းသား/တိုင်းရင်းသူများမှ ကချင်နှင့်ရှမ်းတိုင်းရင်းသား ရိုးရာအကအလှများဖြင့်လည်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာ့အသံချစ်သူများအဖွဲ့ (Radio Fan Club) အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၅ဝဝ)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ကိန်းဖြူ(ပြန်/ဆက်)