ပုလဲ ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပုလဲမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “ ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းကို သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်က နိုင်ငံတော်မှပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းရွှေက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဌေး၊ မြို့နယ်ပညာရေးမှူး ဦးဝင်းရွှေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကာယဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူ ၁၂၀ ဦး၊ ဉာဏဆုရရှိသည့် ကျောင်းသား၊ကျောင်းသူ ၇၃ ဦး၊ ပညာတန်ဆောင်ဖတ်မှတ်စွမ်းရည် ပထမဆုရရှိသည့် ဇီးဖြူကုန်း(မြောက်)ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးဦးသန့်စင်တို့အား ဆုများကိုပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှကျောင်းသား၊ ကျောင်းသူများက အနုပညာအကအလှများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)