ဟားခါး ဇန်နဝါရီ ၁၂
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်ဒိန်းမတ်−မြန်မာပူးပေါင်းဆောင်ရွက်သည့် တရားစီရင်ရေးကျင့်ဝတ်များဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ဟားခါးမြို့ CACC ခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၁၈−၂၀၂၂) ၏၂၀၂၀ ပြည့်နှစ် လုပ်ငန်းစဉ်များတွင် တစ်ခုအပါအဝင်ဖြစ်သော (၃) နှစ်အတွင်း တစ်နိုင်ငံလုံးတရားရုံးများတွင် မူခင်းစီမံခန့်ခွဲမှုအစီအစဉ် ဆောင်ရွက်ပြီးဖြစ်ရေး ဦးတည်ချက်များနှင့်အညီ၊ ယနေ့ကျင်းပပြုလုပ်သည့် တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်များအလုပ်ရုံဆွေးနွေးပွဲမှပို့ချပေးမည့် ကျင့်ဝတ်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို အထူးဂရုတစိုက် မှတ်သားလိုက်နာကြရန်နှင့် မရှင်းလင်းသည့် အချက်များကို မေးမြန်းဆွေးနွေးကြရန်လိုအပ်ကြောင်း၊ တရားရေးအရာရှိများအနေဖြင့် တစ်ဦးချင်းစီအတွက် မရှိမဖြစ်လိုအပ်သော Code of Judicial Ethics ပါ သတ်မှတ်ဖော်ပြချက်များကို အစဉ်သိရှိ လိုက်နာစောင့်ထိန်းရမည်ဖြစ်ကြောင်း၊ သို့မှသာ စွမ်းဆောင်ရည်နှင့်လုံ့လဝီရိယရှိပြီး ဂုဏ်သိက္ခာရှိရှိဖြင့် သာတူညီမျှမှု၊ သမာသမတ်ကျမှုကို အခြေခံလျက် ဖြောင့်မတ်တည်ကြည်စွာဥပဒေနှင့်အညီအမှုများကို လွတ်လပ်စွာ စစ်ဆေးစီရင်နိုင်စွမ်းရှိသော တရားသူကြီးကောင်း တစ်ဦးမလွဲဧကန် ဖြစ်မည်ဖြစ်ပါကြောင်း အမှာစကားပြောကြားသည်
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော် ၊ ချင်းပြည်နယ် တရားလွှတ်တော်တရားသူကြီးများ၊ ချင်းပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်တရားသူကြီးများ တက်ရောက်ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲတွင် ကျင့်ဝတ်သမိုင်းကြောင်း၊ ရည်ရွယ်ချက်၊ တရားစီရင်ရေး ကျင့်ဝတ်အခန်းကဏ္ဍနှင့် အရေးပါမှု၊ တရားသူကြီးများ ကျင့်ဝတ်ဆိုင်ရာ အခြေခံမူများအား လက်တွေ့ လေ့ကျင့်ခန်းများ၊ ဆွေးနွေးမှုများ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရှိရပြီး အခမ်းအနား အပြီးတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် သင်တန်းနည်းပြများ၊ သင်တန်းသားများ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ပြန်/ဆက်)