ကော့သောင်း သြဂုတ် ၄
ကော့သောင်းမြို့တွင် သြဂုတ်လ ၃ နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်သဖြင့် သစ်ပင်များပြိုလဲကာ မြို့ပေါ်ရပ်ကွက်တစ်ချို့နှင့် ကျေးရွာတစ်ချို့ရှိ လူနေအိမ်တစ်ချို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့က အပူပိုင်းမုန်တိုင်း “စင်လကု” (Sinlaku) အရှိန်ကြောင့် မိုးသည်းထန်ကာ လေပြင်းတိုက်ခတ်သဖြင့် ကော့သောင်းမြို့၊ရွှေဟင်္သာရပ်ကွက်၊ ရွာမလမ်တွင် လမ်းပေါ်သို့ သစ်ပင်ကြီးတစ်ပင် အမြစ်မှကျွတ်ထွက်ပြိုလဲကာ လမ်းတဖက်ခြမ်းရှိ နေအိမ်တစ်ဆောင်၏အရှေ့ပိုင်းအားပိမိ၍ နေအိမ်ရှေ့ပိုင်းပျက်စီးခဲ့ပါသည်။
အလားတူ ပုလုံးတုံတုံးကျေးရွာ၊ ရွာလယ်ပိုင်းရှိ မန်းကျည်းပင်ကြီးတစ်ပင်မှာ တိုက်ခံအိမ်တစ်ဆောင်၏ အလယ်ပိုင်းသို့ ပြိုလဲပိကျရာ နေအိမ်အမိုးနှင့် နံရံများပြိုကျပျက်စီးမှုများဖြစ်ပွားကာ နေအိမ်တွင်နေထိုင်သူ အမျိုးသားတစ်ဦး အမိုးအုတ်ကျွတ်ပြားမျာပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်များဖြစ်ပွားရာသို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အပျက်အစီးများအား ရှင်းလင်းကူညီကယ်ဆယ်မှုလုပ်ငန်းများ ဆောလျင်စွာဆောင်ရွက်ပေးခဲ့ကြပြီး ၊ ကော့သောင်းခရိုင် သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီ၏ဦးဆောင်မှုဖြင့် ကော့သောင်းခရိုင်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် အိမ်ထောင်စုများကို ထောက်ပံ့ကူညီမှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)