ရှမ်းရွာသစ်-လှိုင်းဘွဲ ကားလမ်းပေါ်ရှိ တံတားမြေထိန်းနံရံနှင့် ရေလမ်းကြောင်းပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ရှမ်းရွာသစ် ဩဂုတ် ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့လမ်းဦးစီးဌာနက ဒေသနေပြည်သူများ ရာသီမရွေး သွားလာရလွယ်ကူစေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်-လှိုင်းဘွဲကားလမ်းပေါ်ရှိ ပေ (၃၀) တံတား မြေထိန်းနံရံနှင့် ရေလမ်းကြောင်းပြုပြင်ရေးလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ပထမ ပတ်က စတင်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လုပ်ငန်းတွင် လှိုင်းဘွဲ-ရှမ်းရွာသစ်ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၃၅) km နှင့် (၃၅ဒသမ ၂)km ကြားရှိ ၆/၂၂ ပေ (၃၀) တံတား သည် နှစ်စဉ်မိုးရာသီကာလတွင် တောင်ကျရေများတိုက်စားမှုကြောင့် နိမ့်ကျနေပြီး ဒေသနေပြည်သူများ သွားလာရ အခက်အခဲများ ကြုံတွေ့နေကြောင်း သိရှိရ၍ ယခုဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ လမ်းဦးစီးဌာနမှတာဝန်ယူပြီး ပြည်နယ်အထွေထွေပိုလျှံခွင့်ပြုရန်ပုံငွေကျပ် (၄၅) သန်းဖြင့် ဆောက်လုပ်လျက် ရှိရာမှ ယခုအချိန်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့် ဒေသနေပြည်သူများ အဆင်ပြေစွာသွားလာ နိုင်ပြီ ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ မြို့အင်ဂျင်နီယာ ဦးဘိုဘိုလွင်ထံမှ သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)