သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ မပြန့်ပွားစေရေး အသိပညာပေးခြင်းများ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်

ဘိုကလေး  ဩဂုတ်  ၄

လက်ရှိအချိန်ကာလသည် သဘာဝ‌ဘေးအန္တရာယ်များ ကျရောက်လေ့ရှိသည့် ကာလဖြစ်သည့်အပြင် ကိုဗစ် - ၁၉ ကူးစက်ရောဂါသည်လည်း ပြန့်ပွားကူးစက်နေသည့် ကာလဖြစ်သည့်အလျောက် ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့တွင် ကျေးရွာများအရောက် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ မပြန့်ပွားစေရေး အသိပညာပေးခြင်း လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘိုကလေးမြို့နယ်အတွင်းရှိ သပြုကုန်းကျေးရွာ၊ ကျောင်းချောင်းကျေးရွာ၊ ကျွန်းကလေးကျေးရွာ၊ ရန်ကင်းစုကျေးရွာများအရောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ကူးစက်မှု မဖြစ်စေရေး အသိပညာပေး လုပ်ငန်းများ၊ တိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များ၊ ရာသီအလိုက် ဖြစ်ပွား တတ်သည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သတ်၍ ဆောင်ရန်၊ ရှောင်ရန်များအား ကျေးလက်နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေး ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)