မိုးကောင်းမြို့မဈေး၌ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ လက်ဆေးကြရေး ကျန်းမာရေး အသိပညာပေး

မိုးကောင်း  မတ်  ၂၀

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ လက်ဆေးကြရေး ကျန်းမာရေးအသိပညာပေးခြင်းကို လူစုလူဝေးရှိရာ မိုးကောင်း မြို့မဈေး၌ ယနေ့နံနက်(၈)နာရီတွင် ဆောင်ရွက်ခဲ့သည်။

"ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်လို့ ကျန်းမာရေးအသိပညာပေးခြင်းအားဖြင့် လက်ဆေးကြပါလို့ နှိုးဆော်ရင်း ဆောင်ရွက်ခြင်းဖြစ်ပါတယ်"ဟု စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်လင်းက ပြောကြားသည်။

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ကြက်/ဘဲဈေးအပါအဝင် တိရစ္ဆာန်အသားစိမ်းရောင်းချနေသော ဈေးဆိုင်တွင် လုပ်ကိုင်နေသူများကို တိရစ္ဆာန်မှတစ်ဆင့် ရောဂါကူးစက်မှုမဖြစ်ပွားစေရေး၊ မိမိမှတစ်ဆင့် တစ်ခြားသူ ရောဂါမကူးစက်အောင် အထူးဂရုပြုနေထိုင်သွားရေး၊ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြု‌ရေးနှင့် လက်သန့်ရှင်းရေးကို ဂရုပြုရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"လူစုလူဝေးအင်မတန်များတဲ့ စည်ပင်သာယာဈေးတွေက အများပြည်သူ ဝင်ထွက်သွားလာနိုင်တဲ့နေရာဖြစ်တဲ့အတွက် ဒီလိုနေရာကိုအဓိကထား ဆောင်ရွက်တာဖြစ်ပါတယ်။ မိုးကောင်းစည်ပင်သာယာရေးဈေးသာမက အခြားကျေးရွာက စည်ပင်ပိုင်ဈေးများမှာလည်း အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ဒီလိုတွေဆောင်ရွက်သွားဖို့ရှိပါတယ်" ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာသူများကို လက်ဆေးစင်၊ လက်ဆေးဆပ်ပြာများဖြင့် လက်ဆေးနိုင်ရေး စနစ်တကျ စီစဉ်ပေးထားကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်စံနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)