ဗန်းမော် ဒီဇင်ဘာ ၂၁
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးကြီး ကျော်လင်းအောင်က ဗန်းမော်ခရိုင်နှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့နှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တွေ့ဆုံရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီး ကျော်လင်းအောင် က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက် (၁၈၂)ချက်ရှိိပြီ ဖြစ်ကြောင်း၊ ၎င်းညွှန်ကြားချက်များအပေါ် ဗန်းမော်ခရိုင်နှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီတို့က ပြည်သူများပါဝင် လိုက်နာစေရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း လမ်းညွှန် အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် ဗန်းမော်ခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးထွေးမြင့် (ခရိုင်အုပ်ချုပ်ရေးမှူး)က ဗန်းမော်ခရိုင်အတွင်းသို့ ဝင်ရောက်လာသူများအား RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကျန်းမာရေး စစ်ဆေးဆောင်ရွက်နေမှုနှင့် ဗန်းမော်ခရိုင် အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့၏ လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်(မြို့နယ်အုပ်ချုပ်ရေးမှူး)က ဗန်းမော် မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်း တင်ပြခဲ့ကြပြီး လိုအပ်သည် များကို ဝန်ကြီးက လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ဗန်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလွင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)