မြောက်ဥက္ကလာပမြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်နှင့် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲကျင်းပ

မြောက်ဥက္ကလာပ စက်တင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်နှင့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၈ ရက်မွန်းလွဲပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ၂၀၂၅ ခုနှစ်၊ ကမ္ဘ့ာရှေးဦးပြုစုခြင်းနေ့အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွှန့်မှပေးပို့သော သ၀ဏ်လွှာအား မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဋ္ဌဦးစိုင်း၀ဏ္ဏက ဖတ်ကြားခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း တိုင်းကြီးကြပ်မှုကော်မတီ ဦးနေဆန်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာတို့က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြောက်ဥက္ကလာပမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌဦးမြသန်းက ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်နှင့် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ဖတ်ကြားခဲ့သည်။ ယင်းနောက်အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်ခဲ့သော (၅/၂၀၂၅) (၆/၂၀၂၅) ရှေးဦးပြုစုခြင်း အခြေခံသင်တန်းတွင် ထူးချွန်ဆုရရှိသူများအား သင်တန်းဆင်းအောင်လက်မှတ်များ၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်၀င်တန်းအောင်မြင်ခဲ့သော ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့၀င်တစ်ဦး၊ သင်တန်းနည်းပြများနှင့် အလှူရှင်များအား တာ၀န်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ထို့နောက် အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်ခဲ့သော (၅/၂၀၂၅) (၆/၂၀၂၅) ရှေးဦးပြုစုခြင်းအခြေခံသင်တန်းတွင် ထူးချွန်ဆုရရှိသူများက ရှေးဦးပြုစုခြင်း ပတ်တီးစည်းပညာရပ်အား သရုပ်ပြသခဲ့ကြသည်။

အဆိုပါ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်နှင့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း တိုင်းကြီးကြပ်မှုကော်မတီ ဦးနေဆန်း၊ မရမ်းကုန်းခရိုင် ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်အေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာ၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းကြီးကြပ်မှုကော်မတီ၊ ခရိုင်/မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၀င်များ၊  အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)