ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ ‌ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်တွေ နိုဝင်ဘာ ၂၀

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ‌ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ရှုခင်းသာလမ်းတွင် မြေယာရှုခင်းများပြုပြင်နေမှု ပန်းအလှပင်များ စိုက်ပျိုးနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးတို့က ရှုခင်းသာလမ်း သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ နာရီစင်ဝိုင်းသို့ သွားရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နာရီစင်ဝိုင်းအနီးရှိ မြေစိုက်ဘုတ်များ စနစ်တကျရှိစေရေး၊ နာရီစင်နှင့်အနီးပတ်ဝန်းကျင် သန့်ရှင်းသာယာရေး ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံသို့ သွားရောက်ပြီး ဦးဥတ္တခန်းမအား အဆင့်မြင့်တင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ခန်းမအား အဆင့်မြင့်တင်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း စေတနာထားကာ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေး စနစ်တကျဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဦးဥတ္တမပန်းခြံရှိ ဦးဥတ္တမရုပ်ထုအဝိုင်းပတ်လည်အား အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြရာ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး စနစ်တကျဆောင်ရွက်ကြရန် မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဦးဥတ္တမပန်းခြံအတွင်း မြေယာရှုခင်းများ၊ အားကစားကွင်းများ ဆောင်ရွက်ထားရှိမှုနှင့် ရေစုကန်တည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ လမ်းမကြီးတလျောက် သန့်ရှင်းသာယာလှပရေးနှင့် လမ်းမီးတိုင်းများ၊ မီးကြိုးများနှင့်ဆက်သွယ်ရေးကြိုးများ စနစ်တကျသွယ်တန်းနိုင်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)