မချမ်းဘောမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင် လူဦးရေစာရင်းများ ထုတ်ပြန်ကြေညာ

မချမ်းဘော နိုဝင်ဘာ ၂၁

ကချင်ပြည်နယ်၊ ပူတာအိုရိုင် မချမ်းဘောမြို့နယ်တွင် မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်ရှိစေရန် မြို့နယ်အတွင်းရှိ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက် ၆ နာရီမှစ၍ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင် စာရင်းကပ်ထားရာနေရာများသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်ကျေးရွာ မဲဆန္ဒရှင်များ၏ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

မချမ်းဘောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်စေရန်အတွက် မဲဆန္ဒရှင်ပြည်သူများအား ပထမအကြိမ်ထုတ်ပြန်ကြေညာထားသော မဲဆန္ဒရှင်စာရင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်းမပါရှိသူများသည် ထပ်တိုးမဲစာရင်းပုံစံ (၃) ဖြင့်လည်းကောင်း၊ မဲဆန္ဒနယ်အတွင်း ရက်ပေါင်း ၁၈၀နေထိုင်သူများကိုပုံစံ (၃က) ဖြင့်လည်းကောင်း၊ မဲဆန္ဒရှင်များ၏ အချက် အလက်များ ပြင်ဆင်လိုပါကပုံ (၄-ဂ) ဖြင့်လည်းကောင်း၊ မဲစာရင်းနှင့်စပ်လျဥ်း၍ ကန့်ကွက်လိုပါက ပုံစံ (၄) ဖြင့်လည်းကောင်း ဖြည့်စွက်ခြင်း၊ သက်ဆိုင်ရာရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲများတွင် မဲစာရင်းထုတ်ပြန် ကြေညာသည့် သတ်မှတ်ရက်များအတွင်း ပြင်ဆင်ဖြည့်စွက်ခြင်း၊ စိစစ်ခြင်း၊ တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ကာ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

မချမ်းဘောမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု ၁၅ စု မဲရုံပေါင်း ၁၈ ရုံရှိပြီး မဲဆန္ဒရှင်လူဦးရေ ၆၈၉၇ ဦး ရှိကြောင်း ဒုတိယအကြိမ်မဲစာရင်းများအရ သိရပြီးမဲ စာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ ကပ်ထားကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)