နမ္မတူတွင် မဲဆန္ဒရှင်အမည်စာရင်းများ ပထမအကြိမ်ကပ်ထားကြေညာဆောင်ရွက်ထားရှိမှုအား ပြည်သူများ က လာရောက်ကြည့်ရှုပြီး အချက်အလက်မှန်ကန်စေရေး ပြင်ဆင်လျှောက်ထား

နမ္မတူ    ဩဂုတ် ၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရပ်ကွက်/ ကျေးရွာများအလိုက် ဇူလိုင်လ (၂၅)ရက်နေ့မှ ဩဂုတ်လ (၇)ရက်နေ့အထိ မဲဆန္ဒရှင်အမည်စာရင်းများ ပထမ အကြိမ်ကပ်ထားကြေညာ ဆောင်ရွက်ထားရှိမှုအား ပြည်သူများက လာရောက်ကြည့်ရှုပြီး အချက်အလက် မှန်ကန်စေရေး ပြင်ဆင်လျှောက်ထားလျက် ရှိကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် ဇူလိုင်လ (၂၅)ရက်နေ့မှ ဩဂုတ်လ (၃)ရက်နေ့အထိ (၁၀)ရက်အတွင်း မဲဆန္ဒရှင် အမည် စာရင်းများ ပထမအကြိမ် ကပ်ထားကြေညာ ဆောင်ရွက်ထားရှိမှုအား ပြည်သူများ (၄၅၁၇)ဦးခန့် လာရောက် ကြည့်ရှုကြပြီး မဲစာရင်းတွင် အမည်ထည့်သွင်း ပေးရန် ပုံစံ(၃)ဖြင့် လျောက်ထားသူ (၂၂၆)ဦး၊ ကန့်ကွက်လွှာ ပုံစံ (၄)ဖြင့် လျှောက်ထားသူ (၇၆)ဦးနှင့် အချက်အလက် ပြင်ဆင်လွှာပုံစံ (၄-ဂ) ဖြင့် လျှောက်ထားသူ (၈၃)ဦး ရှိကြောင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ယမင်းရွှေစင်စိုးထံမှ သိရှိရသည်။

နမ္မတူမြို့နယ်၌ ပထမအကြိမ် ကပ်ထားကြေညာသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် (၃၀၄၃၃)ရှိပြီး၊ မဲရုံ ပေါင်း (၄၈)ရုံရှိကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)