အောင်လံ နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဦးစွာ သင်တန်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေက အဖွင့်အမှာစကားပြောကြားရာတွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများမှ နိုင်ငံတော်အတွက် အစိုးရတစ်ရပ်ပေါ်ထွန်းလာစေရန် မဲဆန္ဒရှင်ပြည်သူများမှ မိမိတို့ကြိုက်နှစ်သက်သည့် နိုင်ငံရေး ပါတီလွှတ်တော် ကိုယ်စားလှယ်လောင်းများအား ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆန္ဒမဲပေးမှုအပေါ်တွင် သက်ဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးလုပ်ငန်း လမ်းညွှန်ပါတာဝန်နှင့် လုပ်ပိုင်ခွင့်များအတိုင်း ဘက်မလိုက်ဘဲ မဲရလဒ်များတိကျစွာ အဆုံးအဖြတ်ပေးရမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ထွန်းက သင်တန်းနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ဥပဒေအရာရှိ ဦးအောင်မျိုးဟန်က ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ရွေးကောက်ပွဲများကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေအကြောင်း၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးစိုးနိုင်က မဲရုံမှူးများ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ အ.ထ.ကကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးမာလာထွန်းက ဒုတိယ မဲရုံမှူး၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သင်ကြားပို့ချခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ စုစုပေါင်း (၂၄၆) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)