မကွေးတိုင်းဒေသကြီး ထီးလင်းမြို့တွင် အခြေခံမဲဆန္ဒရှင်စာရင်း၌ အချက်အလက်များမှန်ကန်မှုရှိစေရေး ပြည်သူများလာရောက်ကြည့်ရှု

ထီးလင်း  ဩဂုတ်  ၅

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲ ဆန္ဒရှင်စာရင်းများကို ထီးလင်းမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအသီးသီး၌ ကပ်ထားကြေညာလျက်ရှိရာ မဲစာရင်းများ၌ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ပြည်သူများက လာရောက်ကြည့်ရှုပြီး ပြင်ဆင်ရန်လိုအပ်သည့်အချက်များအား ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် အခြေခံမဲဆန္ဒရှင်စာရင်းများတွင် ပြင်ဆင်ရန်၊ ဖြည့်စွက်ရန်၊ ပယ်ဖျက်ရန်လိုအပ်သည့် မဲဆန္ဒရှင် စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း၊ ဩဂုတ်၄ရက်နေ့ ညနေပိုင်းအထိ မဲစာရင်း တွင် အမည်စာရင်းထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ(၃)ဖြင့် လျှောက်ထားသူ ၁၃၀ ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေခြင်းကို ကန့်ကွက်လွှာပုံစံ(၄)ဖြင့်လျှောက်ထားသူ(၆၂)ဦး၊ မဲစာရင်းတွင်ပါဝင်နေပြီး အချက်အလက်များ ပြင်ဆင်ရန်တောင်းခံလွှာ(၄-ဂ)ဖြင့် လျှောက်ထားသူ (၁၂၀)ဦးရှိကြောင်း ထီးလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ထံမှသိရသည်။       

ထီးလင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၂) ခုနှင့် ကျေးရွာအုပ်စု(၇၃)အုပ်စု၌ အခြေခံမဲဆန္ဒရှင်ဦးရေ ကျား ၁၇၅၇၁ ဦး၊မ ၂၀၄၅၄ ဦး စုစုပေါင်း ၃၈၀၂၅ ဦးရှိပြီး လျာထားမဲရုံအရေအတွက် ၁၀၀ရှိကြောင်း သိရသည်။        

အေလေးငယ်