ပခုက္ကူ နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင် မြတ်စွာဘုရား စေတီတော်ကြီး လုံးတော်ပြည့် ရွေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် ရွှေဆိုင်းဝယ်ယူခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါ ဘုရားကြီးရှိ အာရုံခံတန်ဆောင်းတော်အတွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကြပြီး သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ နာယက ဦးမြင့်ဆွေက အမှာစကားပြောကြားကာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှဖုန်းနှင့် ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးစိုးမြင့်တို့က စေတီတော်ကြီးလုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူ ပူဇော်နိုင်ရေး ရွှေဆိုင်းဝယ်ယူခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ ရွှေဆိုင်လုပ်ငန်းရှင်များအလိုက် ရွှေဆိုင်းများရေတွက်ခြင်း၊ ရွှေပါဝင်မှုအရည်အသွေးအား ရွှေစစ်စက်ဖြင့် စစ်ဆေးခြင်းလုပ်ငန်းများကို ဩဝါဒစရိယဆရာတော်များ၊ ဘုရားကြီးဂေါပကအဖွဲ့ဝင်များ၊ ရွှေလုပ်ငန်းကျွမ်းကျင်ပညာရှင်များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ကြပြီး ခရိုင်သာသနာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျင်ရွှေက လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အမှာစကားပြောကြားသည်။
ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့သော ပခုက္ကူမြို့၊ သီဟိုဠ်ရှင် မြတ်စွာဘုရား စေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ရွှေဆိုင်းတစ်ဆိုင်းလျှင် ရွှေအရည်အသွေးပါဝင်မှု အနည်းဆုံး ၉၇ ရာခိုင်နှုန်းသတ်မှတ်ထားပြီး ရွှေဆိုင်တစ်ဆိုင်မှ ရွှေအဆိုင်း (၁၀၀)နှုန်းစီဖြင့် ရွှေဆိုင်လုပ်ငန်းရှင်၁၉ဦးထံမှ ဝယ်ယူသွားမည်ဖြစ်ကြောင်း၊ ဘုရားစေတီတော်ကြီး အပါအဝင် အရံစေတီ ၃၆ ဆူတို့အား ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လှူဒါန်းထားသော နှစ်ပေါင်း(၂၅)နှစ် ဝန်းကျင်ခန့်ရှိ ရတနာပစ္စည်းများကို စိစစ်ခြင်း၊ ရေတွက်ခြင်း၊ ချိန်တွယ်ခြင်း၊ အရည်ကြိုခြင်း၊ ရွှေပြား၊ ရွှေသင်္ကန်း ပြုလုပ်ခြင်းလုပ်ငန်းများကို နိုဝင်ဘာလ ၁၂ ရက်နေ့ကစတင်ပြီး ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းများအားလုံး ဒီဇင်ဘာလကုန်ပိုင်းတွင် ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)