ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ‌ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်တွေ နိုဝင်ဘာ ၂၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ‌ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ မင်းဂံဆင်းလမ်း၊ ကွန်ကရစ်ခင်းခြင်းနှင့် Box Culvert (၂)စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ဆောက်လုပ်ရေးတာဝန်ခံက မင်းဂံဆင်းလမ်း၊ ကွန်ကရစ်ခင်းခြင်းနှင့် Box Culvert (၂)စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုများ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက လုပ်ငန်းဆောင်ရွက်နေမှုနှင့် လမ်းရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်သင့်သည့် အချက်များအား ဖြည့်စွက်အကြံပြုရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်က  လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများပြည့်မီရေး၊ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေး စေတနာထားဆောင်ရွက်သွားကြရန် မှာကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ကရစ်လမ်းခင်းခြင်းနှင့် Box Culvert (၂)စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါလမ်းမှာ အလျား ၁၄၀၀ ပေ၊ အကျယ် ၂၄ ပေ၊ ထု ၈ လက်မဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ၇၁၃ ဒသမ ၃၁၀ ကျပ်သန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ် သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ် ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် စစ်တွေ-မင်းဂံ-သင်္ဘောဆိပ်လမ်းအား Joint Sealant ဖြည့်ခြင်း၊ ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်း၊ လမ်းပခုံးပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးကြရာ လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက စစ်တွေ-မင်းဂံ သင်္ဘောဆိပ်လမ်း ပြုပြင်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ရွာကြီးလမ်းအား (လမ်းမကြီးမှ မင်းဘာကြီးလမ်းထိ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးကြရာ ဆောက်လုပ်ရေးတာဝန်ခံက လုပ်ငန်းပြီးစီးနေမှု၊ ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ် သယံဇာတရေးရာဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်နေသူများသည် ဒေသခံများဖြစ်၍ မိမိဒေသ၊ မိမိတို့မြို့၊ ရပ်ကွက်ရှိလုပ်ငန်းများအား ကြံ့ခိုင်ကောင်းမွန်စေရေး၊ ရေရှည်တည်တံ့စေရေး စေတနာအပြည့်ဖြင့် စံနမူနာပြဖြစ်အောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးနေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

အဆိုပါလမ်းမှာ အလျား ၉၂၅ ပေ၊ အကျယ် ၂၄ ပေ၊ ထု ၈ လက်မဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ၄၅၆ ဒသမ ၅၀၀ ကျပ်သန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သတင်းရသည်။

တင်ထွန်း(ပြန်/ဆက်)