မိုင်းယန်းမြို့နယ် တောင်ပေါ်ကျေးရွာများသို့မဲဆန္ဒရှင်စာရင်းများ သွားရောက်ကြည့်ရှုရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

 

မိုင်းယန်း   ဩဂုတ် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲ‌ပေးသူများအမည်စာရင်းတွင် မိမိအမည် ပါ/မပါ သွားရောက်ကြည့်ရှုရေး အသိပညာပေး နံရံကပ်ပိုစတာများကပ်ခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း ကိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဉာဏ်သိန်း နှင့်အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင်တောင်‌ပေါ် ယန်းကောင်ကျေးရွာအုပ်စုအတွင်း ရှိကျေးရွာများသို့ ကွင်းဆင်း ကာ သွားရောက်အသိပညာပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ကိုဗစ်-၁၉ ကာလအတွင်း မိမိတို့၏ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်များအတိုင်းမိမိနှင့် အခြားသူများ၏ ကျန်းမာရေးကို ရှေးရှုလျက် လုံခြုံစွာနေထိုင်ပြီး မိမိနာမည်ပါ/မပါ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ ရုံးသို့ သွား‌ရောက်စစ်ဆေးစေရေး စသည်တို့ ပါဝင် သည်။

ထို့အပြင် အသိပညာပေးပိုစတာများနှင့် လက်ကမ်းစာစောင်များတွင် ဇူလိုင်လ(၂၅)ရက်နေ့မှ ဩဂုတ်လ (၇)ရက် အတွင်း မိမိရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် သင့်အမည် ပါ/မပါ၊ မဲပေး နိုင်ရန်အတွက် သင့်အမည် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ရန်၊ အမည်စာရင်းမပါဝင်ပါက ပုံစံ(၃)ကို ဖြည့်စွက်၍ လည်းကောင်း၊ မိမိကိုယ်ရေးအချက်အလက်များ မဲဆန္ဒရှင်စာရင်းတွင် မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် လည်းကောင်း၊ မပါဝင်သင့်သူ ပါဝင်နေပါက ပုံစံ(၄)ဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လျှောက်ထားရန် စသော အချက်များလည်း ပါဝင်ကြောင်း သိရသည်။

ထွန်းထွန်းထူး(ပြန်/ဆက်)