ပူတာအိုမြို့၌ အသက် (၁၉) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ပူတာအို နိုဝင်ဘာ ၂၅

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်လာစေရန်နှင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့်နိုင်ငံအတွက် အကျိုးပြုသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပခဲ့သော ခရိုင်ပညာရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၁၉) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို နိုဝင်ဘာ (၂၄) ရက် မွန်းလွဲ (၂) နာရီက ပူတာအိုမြို့ ခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ဗိုလ်လုပွဲတွင် အ.ထ.က (ပူတာအို) ဘောလုံးအသင်းနှင့် အ.ထ.က (ဆန်ဂေါင်) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အ.ထ.က (ပူတာအို) ဘောလုံးအသင်းက လေးဂိုးတစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး သန်းနိုင်နှင့်တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးကစားသမားဆု၊ အလယ်တန်းအကောင်းဆုံးကစားသမားဆု၊ ဂိုးသမားအကောင်းဆုံးဆု၊ တတိယဆုနှင့် တစ်ဦးချင်းလည်ဆွဲတံဆိပ်များ၊ ဒုတိယဆုနှင့်တစ်ဦးချင်းလည်ဆွဲတံဆိပ်များ၊ ပထမဆုနှင့်တစ်ဦးချင်းလည်ဆွဲတံဆိပ်များ၊ ဆုဖလား ဆွတ်ခူးရရှိသော အ.ထ.က (ပူတာအို) ဘောလုံးအသင်းအား ဆုဖလားနှင့်ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါပြိုင်ပွဲတွင် ပူတာအိုခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အသင်းပေါင်းကိုးသင်းတို့က နိုဝင်ဘာ (၈) ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)