မချမ်းဘောမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုနိုင်ရေး စဥ်ဆက်မပြတ်နှိုးဆော်

မချမ်းဘော နိုဝင်ဘာ ၂၅

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲမဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ သွားရောက်ကြည့်ရှုနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယမန်နေ့ ညနေ၃နာရီက နမ်ခမ်ကျေးရွာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ အသိပညာပေးရာတွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်း၌ မဲမဆန္ဒနယ်အတွင်း ပုံစံ(၆၆/၆)ရှိပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ(၃)ဖြင့် လည်းကောင်း၊ မဲစရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်လွှာပုံစံ(၄)ဖြင့် လည်းကောင်း၊ မဲစာရင်းပါအချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ(၄-ဂ)ဖြင့် လည်းကောင်း ဒုတိယအကြိမ် မဲစာရင်းထုတ်မဲဆန္ဒရှင်စာရင်း ထုတ်ပြန်သည့်ရက်မှစ၍ ၁၄ ရက် အတွင်း သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများမှတစ်ဆင့် သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်းတို့ကို မဲဆန္ဒရှင်ပြည်သူများ သဘောပေါက်နားလည်စေရန် အကျယ်တဝင့် ရှင်းလင်းအသိပညာပေး ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးဆောင်ရွက်ရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတူးဂျာနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ နမ်ခမ်ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မဲဆန္ဒရှင်ပြည်သူများမြို့နယ်လုံးကျွတ်လာရောက် မဲပေးနိုင်ရေး အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)