မိုးကောင်းမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မိုးညှင်း နို၀င်ဘာ ၂၅

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် (၉)နာရီက ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟဇော်၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်မာလာဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ အဖွဲ့ဝင်ဖြစ်သည့် ဦးမျိုးဝင်းနှင့် မြို့နယ်လဝကမှူး ဦးမောင်မောင်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် အ.လ.က(သူဌေးကုန်း)မှ ဘင်ခရာတပ်ဖွဲ့က ဦးဆောင်ကြိုဆို၍ အသိပညာပေးပြခန်းများနှင့် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုကာ ဉာဏစွမ်းရည်များဖြစ်ကြသည့် စကားပုံဆက်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကိုလည်းကောင်း၊ ကာယအားကစား ပြိုင်ပွဲများဖြစ်သည့် ဂုန်နီအိတ်စွပ်၊ အာလူးကောက်နှင့်ခါးကွင်းလှည့်တို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ရတနာခန်းမ၌ ဆက်လက်ကျင်းပရာ ကျောင်းသား ကျောင်းသူများမှ “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက သုတရသစာအုပ်များကို ပေးအပ်လှူဒါန်းရာ အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းရီက လည်းကောင်း၊ အထက်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲတွင် ဆုများရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း ဆုများချီးမြှင့်ခဲ့သည်။

ယင်းနောက် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့် ပန်းချီ နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတို့၌ ဆုရရှိကြသူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ငွေသားဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပေးအပ်ချီးမြှင့်ကြပြီးနောက် ကျောင်းသား၊ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆက်လက်ကပြ ဖျော်ဖြေခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ‌ဒေါ်အိအိဖြိုးက ဦးဆောင်၍ အ.ထ.ကကျွန်းပင်သာမှ ကျောင်းသားကျောင်းသူများက လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်အနာဂါတ်၊ လူငယ်နှင့်ပညာရေး စသည့်ခေါင်းစဉ်တို့ဖြင့် လူငယ်စကားဝိုင်းအား ဆွေးနွေးခဲ့ကြပြီး စာရေးဆရာအကြီးကိုကို(ကသာ)က “နာမည်ရှိတဲ့ အလင်းသစ်ကြယ်စင်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပပေးမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး “အနာဂါတ်လူရည်မွန်” တေးသီချင်းဖြင့် အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း