ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်ထောင်စု၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းများနှင့် ရွှေအိုက်ရပ်ကွက်အတွင်း ယာဉ်ရပ်နားစခန်းတည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား နိုဝင်ဘာ ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်အတွင်း အပြည်ပြည်ဆိုင်ရာကိရိသျှဏ အနုဿတိအသင်း(မြန်မာ)က မူလကျောင်းတော် ယိုယွင်းပျက်ဆီးမှုအား ပြန်လည်ပြုပြင်၍ ခန့်ညားထည်ဝါစွာ တည်ဆောက်ခဲ့သည့် ရှရီဂျဂနဿ်ဘုရားကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဘုရားကျောင်းသစ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဘုရားကျောင်းဆောင်သစ်ရှေ့၌ ဘာသာရေးအဖွဲ့အစည်းအသီးသီးခေါင်းဆောင်များ၊ ဘုရားကျောင်းဂေါပကအဖွဲ့ဝင်များနှင့် ဘာသာဝင်များက ရိုးရာအစဉ်အလာနှင့်အညီ ရင်းနှီး နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး ဘုရားကျောင်းဆောင်သစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Rhakur၊ အန္ဒိယဘုန်းတော်ကြီးများနှင့် ဂေါပကအဖွဲ့ဝင်များက ရှရီဂျာဂနဿ် ဘုရားရှိခိုးကျောင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ဘုရားကျောင်းအတွင်း ၎င်းတို့ ၏ ရိုးရာအစဉ်အလာနှင့် အညီ ပန်းကုံးစွမ်ပူဇော်ခြင်း၊ ဆီမီးပူဇော်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ဆရာတော်များက ရွတ်ဖတ်ဖွင့်လှစ်ပေးကြပြီး ဘုရားကျောင်းဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ယခုလို ကျောင်းတော်သစ်ဖွင့်ပွဲကို တက်ရောက် ပါဝင်ခွင့်ရသည့်အတွက်လည်း ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ကမ္ဘာ့ပထဝီဝင်အနေအထားအရ ဒေသအသီးသီးတွင် လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက် အမျိုးမျိုး ကွဲပြားနိုင် သော်လည်း မည့်သည်ကိုးကွယ်သည့်ဘာသာမဆို စစ်မှန်သော ငြိမ်းချမ်းမှု ရရှိခံစားရေး၊ ယဉ်ကျေးသိမ်မွေ့ပြီး ကိုယ်ချင်းစာတရားထွန်းကားသော လူမှုပတ်ဝန်းကျင်ပေါ်ပေါက်ရေးကို အဓိကသွန်သင် ဆုံးမအားပေးကြသည့်အတွက် သက်ဆိုင်ရာဘာသာတရားများ၏ သွန်သင်ဆုံးမှုကို လေးစားလိုက်နာကြရန် အရေးကြီးပါကြောင်း ဆုတောင်းမေတ္တာပို့ဂုဏ်ပြုပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ဝမ်းမြောက်ဝမ်းသာ အမှာစကားပြောကြားပြီး ဖျော်ဖြေရေးအစီအစဉ်များနှင့် ဖျော်ဖြေမှု၊ တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂါဝရဂုဏ်ပြုလက်ဆောင်များ ပေးအပ်မှုကို လက်ခံခဲ့ကြသည်။

အလားတူ ကချင်ပြည်နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ အထွေထွေ ပိုလျှံရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်း ဆောင်ရွက်သွားမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဌာနအဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၄ ရက် ညနေ ၄ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ငွေလုံးငွေရင်း ပိုလျှံရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၃၇)ခုကို သတ်မှတ်ကာလအတွင်း လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်စေရေး သက်ဆိုင်ရာဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြည်နယ်အတွင်း အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ အလေးထား လိုက်နာဆောင်ရွက်ရေး ညွှန် ကြားချက်များကို ရှင်းလင်းတင်ပြပြီး ရန်ပုံငွေတွင် ပါဝင်သော ဌာနဆိုင်ရာများက ဆောင်ရွက်သွားရ မည့် လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု မရှိစေရေး ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို အလေးထားလိုက်နာဆောင် ရွက်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် အဆိုပါ အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (Kachin State RSC) သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကော်မတီအဖွဲ့ဝင်များနှင့် ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး Kachin State RSC ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ် အန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး၊ လူမှုစီးပွာဘဝများ ထိခိုက်ဆုံးရှုံးမှုလျော့ နည်းစေရေးတို့အတွက် တာဝန်ရှိသူအသီးသီးတို့က အထူးကြီးကြပ်၍ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ကောင်စီအဖွဲ့ဝင်များက ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် ကချင်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာကိစ္စရပ်များ၊ လမ်းအန္တရာယ်ကင်းရှင်းရေး စိစစ်အကဲဖြတ် လုပ်ငန်းစဉ် Road Safety (Audit) နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးမှု အခြေအနေများနှင့် တွေ့ဆုံဆွေးနွေးမှုနှင့် ကွင်းဆင်းစစ်ဆေးချက်များ ဗဟိုကြီးကြပ်ရေးအဖွဲ့က အကြံပြုချက်များအပေါ် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက် သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် အဆိုပါအစည်းအဝေးခန်းမ၌ မြစ်ကြီးနားမြို့ ရွှေအိုက်ရပ်ကွက်တွင် ယာဉ်ရပ်နားစခန်း တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့တွင်း ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ ကုန်တင်ယာဉ်ကြီးများဖြတ်သန်းသွားလာမှု မရှိစေရေး၊ ကုန်တင်ယာဉ်ရပ်နားစခန်းကို ရွှေအိုရပ်ကွက်တွင် တည်ဆောက်ရန် လျာထားဆောင်ရွက်လျက် ရှိသည့်အတွက် ဆောင်ရွက်သွားမည့် အ‌‌‌‌‌သေးစိတ်အစီအမံများအပေါ် ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြကြရန် လိုအပ်ပါကြောင်း မှာကြားသည်။

ယင်းနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက ရွှေအိုက်ရပ်ကွက်အတွင်း ယာဉ်ရပ်နားစခန်း တည်ဆောက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းနှင့် စပ်လျဉ်း၍ ပါဝါပွိုင့် ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ယာဉ်ရပ်နားစခန်း အမြန်ဆုံးအကောင်အထည်ဖော်ပြီးစီးရေးနှင့် ကုန်တင်ယာဉ်ကြီးများအားလုံး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဝင်/ ထွက်သွားလာနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က ဝိုင်းဝန်းပူးပေါင်း‌ဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်