ကမမောင်းမြို့၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုဖြစ်ပွား

ကမမောင်း ဩဂုတ် ၅

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ယနေ့နံနက်(၇)နာရီခွဲအချိန်ခန့်က မိုးသက်လေပြင်း တိုက်ခတ်မှု ကြောင့် အမှတ်(၃) ရပ်ကွက်၊ အာသောကာရာမဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိသစ်ပင်လဲ ကျမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ အလျား (၃၀)ပေ၊ အနံ(၁၅)ပေ၊ RC အုတ်ညှပ်၊ သွပ်မိုးနှစ်ထပ်ပေါ်သို့ လုံးပတ် (၄)ပေ၊ အရှည်(၁၀)ပေခန့်ရှိ ညောင်ပင်လဲကျပြီး အမိုးအနည်းငယ် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

သစ်ပင်လဲကျရာနေရာသို့ ကမမောင်းမြို့ မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးငြိမ်းချမ်းအောင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက သစ်ပင်အားခုတ်ထွင်ရှင်းလင်းပေးခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။


လင်းသန့်(ပြန်/ဆက်)