မိုးကောင်းမြို့၌ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းသရုပ်ပြသခြင်း ဆောင်ရွက်

မိုးညှင်း နို၀င်ဘာ ၂၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့တွင် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခန်းသရုပ်ပြသခြင်းအခမ်းအနားကို နိုဝင်ဘာ (၂၅)ရက် မွန်းလွဲ(၂)နာရီက အခြေခံပညာအထက်တန်းကျောင်း(နောင်ကိုင်တော်)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်အမှာစကားပြောကြားရာ မိုးကောင်းမြို့နယ်၏ ပထဝီဝင်အနေအထားအရ ငလျင်ဘေးအန္တရာယ်ကျရောက်နိုင်သည့် အခြေအနေကြောင့် ကြုံတွေ့လာနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များကို တုံ့ပြန်ဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများအား ဆောင်ရွက်နိုင်ရန်အတွက် ယခုလို ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို ကူညီဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာက ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့ဝင်များပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း အစီအစဉ်များကို ကျောင်းသား၊ကျောင်းသူများနှင့် သရုပ်ပြသရာ တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း