ကျွန်းစု ဩဂုတ် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင် တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသော စေတနာ့ ဝန်ထမ်းများနှင့် နာရေးကူညီမှုအသင်းတို့အား အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့ပေါ် အမှတ် (၂) ရပ်ကွက်နှင့် ကတ္တလူကျေးရွာတို့ရှိ Community Based Facility Quarantine ဖွင့်လှစ်ထားရှိရာတွင် ပါဝင်ကူညီခဲ့သော စေတနာ့ဝန်ထမ်းများနှင့် နာရေးကူညီမှုအသင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် တာဝန်ရှိသူများက နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်ရေးထိုးထားသော အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့နယ်တွင် Community Based Facility Quarantine (၃၃) နေရာရှိပြီး ကူညီဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်း (၂၄၁) ဦးနှင့် နာရေးကူညီမှုအသင်း (၁၉) သင်းရှိရာ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလဖြစ်သည့်အတွက် ပြီးခဲ့သည့်အပတ်က ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဂုဏ်ပြုမှတ်တမ်းလွှာများ လွှဲပြောင်းပေးအပ်ခဲ့ပြီး ယခုတွင် ကျန်ရှိနေသော စေတနာ့ဝန်ထမ်းများနှင့် နာရေးကူညီမှုအသင်းများကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)