စစ်တွေ နိုဝင်ဘာ ၂၇
စစ်တွေမြို့၊ မြို့ဝင်မုခ်ဦး တည်ဆောက်ရန်အတွက် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ မြို့ဝင်မုခ်ဦး တည်ဆောက်ရေးရှင်းလင်းဆောင်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားကို ဆရာတော်သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်းရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး စစ်တွေမြို့၊ ဓမ္မာရာမကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုမင်္ဂလထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ စစ်တွေမြို့၊ ရွှေစေတီကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအရိယဝံသ မထေရ်မြတ်က မြို့ဝင်မုခ်ဦး တည်ဆောက်ခြင်းနှင့်ပတ်သက်၍ မိန့်ကြားချီးမြှင့်သည်။
ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သံဃာတော်အရှင် သူမြတ်တို့ထံ ပန္နက်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ စစ်တွေမြို့၊ အောင်မြေကုန်း ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒာဝရ မထေရ်မြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေးခဲ့ကြသည်။
ထို့နောက် ပန္နက်တော်တင်မင်္ဂလာအခမ်းအနား ပြုလုပ်ရန်အတွက် သံဃာတော်အရှင် သူမြတ်များနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖတို့က သတ်မှတ်နေရာများတွင် နေရာယူကြပြီး ပန္နက်တော်တင်ကြသည်။ ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အမွှေးနံ့သာရည်များ ပက်ဖြန်းပေးပြီး မြို့ဝင်မုခ်ဦး တည်ဆောက်မည့်မြေနေရာအား ကြံ့ခိုင်မှုရှိစေရေးအတွက် ရှင်းလင်းဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် မြို့ဝင်မုခ်ဦး တည်ဆောက်ရေးရှင်းလင်းဆောင်၌ ဆောက်လုပ်ရေး တာဝန်ခံက မြို့ဝင်မုခ်ဦး တည်ဆောက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ် သယံဇာတရေးရာဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများပြည့်မီရေး၊ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေး စေတနာထားဆောင်ရွက်သွားကြရန် မှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့ဝင်မုခ်ဦး တည်ဆောက်ရေးလုပ်ငန်းတွင် အသုံးပြုမည့် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူးနှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ အပိုင်းလိုက်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကျင်းပမည့်ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတမှုရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ ဆုံးရှုံးမှုူမရှိစေရေးနှင် မသာမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့နယ်များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရခိုင်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ စစ်တွေမြို့၊ ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့နယ် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ အလားတူပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ကော်မတီ၊ ခရိုင်နှင့် မြို့နယ်ကော်မတီတို့ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲတွင်အသုံးပြုမည့် မဲပေးစက်များအား စနစ်တကျထိန်းသိမ်းထားရှိခြင်း၊ မဲပေးစက်နှင့်စပ်လျဉ်း၍ အများပြည်သူသိရှိနားလည်ကာ ရွေးကောက်ပွဲတွင်လွယ်ကူ လျင်မြန်စွာ မဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနှင့် ပြည်သူအားလုံးလိုလားတောင့်တလျက်ရှိသည့် ဒီမိုကရေစီ လမ်းကြောင်းပါ်တွင် ခိုင်မာစွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်စေရန် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအား လွတ်လပ်၍တရားမျှတသောဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး အားလုံးပူးပေါင်းပါဝင်ပေးကြရန်ပြောကြားသည်။
ထို့နောက် အနောက်ပိုင်းတိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေး၊ မဲစာရင်းမှန်ကန်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စများအား ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မဲစာရင်းမှန်ကန်ရေး၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား ထိန်းသိမ်းထားရှိမှု၊ လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်ထားရှိမှုတို့ကို ဆွေးနွေးတင်ပြကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် Video Conference စနစ်ဖြင့်တက်ရောက်ကြသည့် ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)