စစ်တွေ နိုဝင်ဘာ ၂၇
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (စစ်တွေ)၌ သင်တန်းသူများအား ဆရာ၊ ဆရာမများက လက်တွေ့သင်ကြားပြသနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသူများအား လက်ရက်ကန်း လက်တွေ့ သင်ကြားပို့ချနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြရာ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(စစ်တွေ)ကျောင်းအုပ်ကြီး တို့က လိုက်လံရှင်းလင်းတင်ကြပြပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ရိုးရာရက်ကန်းလုပ်ငန်းများကို စနစ်တကျလုပ်ဆောင်ကာ ရိုးရာအဝတ်အထည်များ ပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်၊ လူငယ်များအလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာနိုင်ရေးအတွက် ရက်ကန်းသင်တန်းများဖွင့်လှစ်ကာ မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်း သင်ကြားပေးသွားကြရန်မှာကြားသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် သည် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသော စစ်တွေမြို့နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ယူနေသည့်အချိန်တွင် ထူးထူးခြားခြား စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့်နှင့် တိုက်ဆိုင်နေသည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ ၁၈၂၄ - ၁၈၂၅ တွင် ရခိုင်နှင့်တနင်္သာရီနယ်တို့ကို သိမ်းပိုက်နိုင်ခဲ့သဖြင့် ရခိုင်တိုင်းမြို့တော်အဖြစ် စစ်တွေကျွန်း၏ အရှေ့အရပ်၌ စစ်တွေမြို့ကို ၁၈၂၆ ခု၊ ဇန်နဝါရီလတွင် စတင်တည်ခဲ့ကြကြောင်း၊ မြို့အမည်ကို ဒေသခံများက(စိုက်တွေ)ဟု ခေါ်ဝေါ်ကြပြီး အင်္ဂလိပ်တို့(Akyab)ဟု ခေါ်ဝေါ်ခဲ့ကြကြောင်း၊ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့သည် မြန်မာနိုင်ငံရှိ လူဦးရေအများဆုံးမြို့များ၌ အဆင့် ၁၀ တွင်ပါဝင်သည့် မြို့ဖြစ်ကြောင်း၊ စစ်တွေမြို့တွင် အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာ ကျောင်းများနှင့် သက်မွေးဝမ်းကျောင်းသင်တန်းကျောင်းများ လည်းရှိကြောင်း၊ စစ်တွေမြို့တွင် ထင်ရှားကျော်ဇောသည့် လူပုဂ္ဂိုလ်များပေါ်ထွန်းခဲ့သည့် မြို့လည်းဖြစ်ကြောင်း၊ အာရှနေဝန်းဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ထင်ရှားသည့် ဆရာတော်တစ်ပါးဖြစ်ကြောင်း၊ သူဌေးကြီး ဦးရဲကျော်သူနှင့်၎င်း၏သားဖြစ်သူ ဥပဒေပညာရှင် ဦးချန်ထွန်းတို့ကဲ့သို့ ပုဂ္ဂိုလ်များလည်း ပေါ်ထွန်းခဲ့ကြကြောင်း၊ ထိုကဲ့သို့ သမိုင်းကြောင်းများနှင့် ပြည့်နက်နေသည့် စစ်တွေမြို့သည် ယခုလာမည့် ဇန်နဝါရီလတွင် နှစ်(၂၀၀) ပြည့်မြောက်မည်ဖြစ်သည့်အတွက် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး တက်ရောက်လာကြသူများ က ဝိုင်းဝန်းဆွေးနွေးအကြံပြု ကြရန်ပြောကြားသည်။
ထို့နောက် စစ်တွေမြို့နှစ်(၂၀၀)ပြည့် အထိမ်းအမှတ် ပွဲတော်ဖြစ်မြောက်ရေးကော်မတီ၊ ဥက္ကဋ္ဌ ဦးသန်းရွှေနှင့် အတွင်းရေးမှူး ဦးအောင်ကြည်မိုးတို့က ပွဲတော်ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက အကြံပြုဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စစ်တွေမြို့တည်နှစ်(၂၀၀)ပြည့် အထိမ်း အမှတ်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျပ်သိန်း(၃၀၀) ထောက်ပံ့လှူဒါန်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)
ဓာတ်ပုံ- ဝင်းမင်းစိုး