ကချင်ပြည်နယ်ဝန်ကြီးချုပ် တနိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

တနိုင်း နိုဝင်ဘာ ၂၈

ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသဖြစ်သည့် တနိုင်းခရိုင်၊ တနိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တနိုင်းမြို့သို့ ရောက်ရှိခဲ့ကြပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်ဘုန်းအောင်၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)အတွင်းရှိ အရာရှိငယ်နေအိမ်များတွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းထားသိုမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စက်များအား စဉ်ဆက်မပြတ် စမ်းသပ်ထားရှိရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် တနိုင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက (၂) ရက်ကြာ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်းသင်တန်းပို့ချနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တနိုင်းဒေသတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တာဝန်ရှိသူများအားလုံးက စည်းစည်းလုံးလုံးဖြင့် တာဝန်ကျေပွန်စွာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း တိုက်တွန်းမှာ ကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတက်ရောက်သင်ကြားလျက်ရှိသည့် ရပ်ကွက် / ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ၊ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ် ၁၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တနိုင်းမြို့ တနိုင်းတံတားသို့ သွားရောက်ခဲ့ကြပြီး တနိုင်းတံတားမှတစ်ဆင့် တနိုင်းမြို့ချောင်းရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိသည့် မြို့ပေါ်ရပ်ကွက် ဧရိယာများအတွင်း ရေကာတာအဖြစ် ကျောက်စီရေထိန်းနံရံ အရှည် (၄) ဖာလုံ တည်ဆောက်လိုမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုကို ရေကာတာ တည်ဆောက်ရေးလုပ်ငန်းအပေါ် စနစ်တကျ ကွင်းဆင်းတိုင်းတာ စစ်ဆေး၍ ပြန်လည်တွက်ချက်တင်ပြနိုင်ရေး မှာကြားခဲ့ပြီး တံတားပေါ်မှတစ်ဆင့် တနိုင်း‌ချောင်းရေအခြေအနေနှင့် မြို့ပေါ်ရပ်ကွက်များတွင် ကမ်းပါးရေတိုက်စားမှုများ ဖြစ်ပေါ်နိုင်သည့် အခြေအနေများ ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တနိုင်းမြို့ စည်ပင်သာယာဈေး အဆင့်မြှင့်တင်နိုင်ရေးအတွက် ဈေးအကွက်ချမြေပုံနှင့် အဆင့်မြှင့်တင်ဆောင်ရွက်လိုသည့် အဆိုပြုဆိုင်ခန်း ပုံစံများ၊ ဈေးတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ ဈေးတွင်း မြေဖို့ပြုပြင်ခြင်းစသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဈေးအဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် အစီအမံများကို ဆောင်ရွက်နိုင်ရေး အဆင့်ဆင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားရန်နှင့် အသေးစိတ်အခြေအနေကို တွက်ချက်တင်ပြရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဈေးအတွင်း ဈေးဆိုင်ခန်းများ ရောင်းဝယ်ဖောက်ကားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့အတူ နိုဝင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တနိုင်းမြို့အထွက် (၄) မိုင် ကင်ဆားရပ်ကွက်အတွင်းရှိ ရွိုင်ရယ်ဒိုးကလေးစိုက်ပျိုးရေး ကုမ္ပဏီလီမိတက်၏ နှစ်ရှည်စိုက်ပျိုးရေးခြံသို့ သွားရောက်ပြီး ခြံအတွင်း ကွမ်းသီးပင်ရေ (၅၀၀၀၀) ပျိုးထောင်စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် ခြံဝင်းနှင့် တစ်ဆက်တစ်စပ်တည်းရှိသည့် တနိုင်းချောင်းတစ်ဖက်ကမ်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် ကုန်ထုတ်လမ်းနှင့် တံတားတည်ဆောက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြကာ ခြံဝင်းအတွင်း ယိုးဒယားအုန်းပင်များ၊ ကြက်မောက်သီး၊ စောင်းလျားသီး၊ မရမ်းသီး၊ လိုင်ချီသီးပင်များ စနစ်တကျ အကွက်ချပုံစံဖြင့် စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သရက်ပင် (လုံးချိုမွှေး) အမျိုးအစား စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုများ၊ ကွမ်းပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး ပျိုးထောင်ထားရှိသည့် ပျိုးခြံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နည်းစနစ်တကျ စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ အဆိုပါ နှစ်ရှည်ခြံဝင်းအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ပံ့ပိုးမှုဖြင့် ဒေသတွင်း ဆန်စပါးများအား ကြိတ်ခွဲလည်ပတ်ပေးလျက်ရှိသော တန် (၂၀) ကျ ဆန်စက်လည်ပတ် နေမှု အခြေအနေများနှင့် ဒေသတွင်း တောင်သူများ၏ ဆန်စပါးများ သိုလှောင်ထားရှိမှု အခြေ အနေများနှင့် ကြက်နှင့် ဘဲငန်းများ မွေးမြူထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မွေးမြူရေး အထောက်အကူပြုဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် တနိုင်းမြို့ ဟူးကောင်းခန်းမသို့ သွားရောက်ပြီး ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က တနိုင်းဒေသသည် တောင်ပေါ်မြေပြန့်ဒေသဖြစ်ပြီး မြေသြဇာမြေဆီမြေနှစ်ကောင်းမွန်ပြီးဖြစ်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းကို မိမိတို့အစိုးရအဖွဲ့၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ တောင်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းပြီး ကြိုးစားကြမည်ဆိုပါက ဒေသဝမ်းစာဖူလုံလာမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မွေးမြူရေးလုပ်ငန်းကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်ရေး ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း၊ အထူးသဖြင့် စားဆီဖူလုံရေးအတွက် ဆောင်းသီးနှံစိုက်ပျိုးရေးကို အလေးထားကြိုးစား ကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင် စွာကျင်းပပြုလုပ်နိုင်ရေးနှင့် မိမိတို့ဒေသအကျိုးကို သယ်ပိုးနိုင်မည့်သူများအား တာဝန်အပ်နှင်းကြရန် နိုင်ငံသားတစ်ဦးချင်းစီ၏ တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဟူးကောင်းဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းရေးကို အားလုံးက စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက တနိုင်းဒေသဖွံ့ဖြိုးတိုးတက်‌ရေးဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာကြသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်းရေး၊ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ လိုအပ်ချက်များ၊ မြေယာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအတွက် ဆောင်းသီးထပ် ဆီထွက်သီးနှံ စိုက်ပျိုးနိုင်ရေး ဆီမုန်ညှင်းမျိုးစေ့ (၇၅)တင်း၊ နေကြာမျိုးစေ့ တင်း (၅၀)၊ ပဲပုပ်မျိုးစေ့ တင်း (၁၀၀)နှင့် မြေပဲမျိုးစေ့တင်း (၃၀၀)ကို လည်းကောင်း၊ တနိုင်းမြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များအတွက် ဝတ်စုံများကို လည်းကောင်း၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ စာပေယဉ်ကျေးမှုအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း (၁၀၀)ကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တနိုင်းမြို့ ပုန်ခုန်းရပ်ကွက် ပုန်းခုန်းကျွန်းပေါ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေရယူ၍ နွားမွေးမြူရေးလုပ်ငန်းအား တိုးချဲ့မွေးမြူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင်ဦးအောင်ဇော်ဦး၏ ရွှေဝါဖြိုးနွားမွေးမြူရေးလုပ်ငန်းသို့ သွားရောက်ပြီး ဒေသနွားကောင်ရေ (၆၀) ကျော် မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ နည်းစနစ်တကျ မွေးမြူခြင်းအားဖြင့် စီးပွားဖြစ်ထွန်းစေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ချေးငွေရယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြ ရေးနှင့် မွေးမြူရေးထောက်အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကာ ခြံဝင်းအတွင်း နွားစာအဖြစ် စိုက်ပျိုးထားသည့် နေဗီယာမြက်စိုက်ခင်းနှင့် ဆီမုန်ညှင်းစိုက်ခင်းတို့ ဖြစ်ထွန်းအောင်မြင်နေမှု အားကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် အဆိုပါ ရပ်ကွက်အတွင်း ယာယီပေါ်သီးနှံစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်လျက် ရှိသည့် တောင်သူများ၏ ခြံဝင်းအတွင်း မုန်လာထုတ်၊ မုန်လာပန်း၊ ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ခင်း များနှင့် တိုင်ထောင်ပဲ၊ ပဲထောင့်ရှည်စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်မှု အခြေအနေများနှင့် ဈေးကွက် ဖြန့်ဖြူးရောင်းချနိုင်မှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင် ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုကို ဒေသခံပြည်သူများ လာရောက်ကြည့်ရှုနေမှုအပေါ် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအနေဖြင့် မဲဆန္ဒရှင်အမည်စာရင်း လာရောက်ကြည့်ရှုသူများအား ကူညီဆောင်ရွက်ပေးကြနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပြည်နယ်ဝန်ကြီးချုပ်၏ တနိုင်းဒေသခရီးစဉ်အတွင်း လိုက်ပါလာသော စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တနိုင်းမြို့နယ် မိုင်းခွန်ကျေးရွာအုပ်စုအတွင်း တနိုင်းဒေသဝမ်းစာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင် ဦးအောင်တိုး၏ မြေလွတ်မြေရိုင်း ဧက ၁၅၀၀ အား ခွင့်ပြုချက်ဖြင့် ဖော်ထုတ်၍ စပါးစိုက်ပျိုး ထားရှိသည့် နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စပါးစိုက်ဧက ၁၀၀၀ နီးပါး ရိတ်သိမ်း၍ စနစ်တကျ သိုလှောင်ထားရှိမှု အခြေအနေများ၊ စိုက်ခင်းအတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း (၃) မိုင်ဆောင်ရွက်နေမှုအခြေအနေများနှင့် စိုက်ပျိုးရေရရှိရေးသိုလှောင်ဆောင်ရွက်ထားရှိမှု၊ နှစ်ရှည်သီးနှံပင်များနှင့် ကြက်သွန်ဖြူ/ ကြက်သွန်နီ စသည့် ဟင်းသီးဟင်းရွက်စိုက်ခင်းများ စိုက်ပျိုးထားရှိမှု၊ ဒေသကြက်မွေးမြူထားရှိမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ သက်ဆိုင်ရာဌာနအလိုက် စိုက်ပျိုးနည်းပညာနှင့် မွေးမြူရေးနည်းပညာများ စနစ်တကျဆောင်ရွက်နိုင်ရေး၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး  ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)