မြစ်ကြီးနား နိုဝင်ဘာ ၂၉
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ ပညာဘဏ်ကိုယ်ပိုင်အထက်တန်းကျောင်း၏ စားပွဲတင်တင်းနစ် အားကစားခန်းမဖွင့်ပွဲနှင့် ကလပ် ပေါင်းစုံ ဖိတ်ခေါ်စားပွဲတင် တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ထို့နောက် စားပွဲတင်တင်းနစ်အားကစားခန်းမဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ကျောင်းသား/ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုအတွက် အားကစားသည် အလွန်အရေးပါသော အခန်းကဏ္ဍမှပါဝင်နေကြောင်း၊ စားပွဲတင်တင်းနစ် အားကစားနည်းသည် ကျန်းမာရေးအတွက်သာမက ဉာဏ်ရည်ဉာဏ်သွေး၊ မျက်စိအားကောင်းခြင်း၊ ဆင်ခြင်တုံတရားနှင့်လျင်မြန်သော တုံ့ပြန်မှုများကိုဖွံ့ဖြိုးစေသောအားကစားနည်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ကျန်းမာသန်စွမ်းသော လူငယ်များသည် နိုင်ငံတော်၏ အနာဂတ် အာမခံချက်ဖြစ်သည်ဟူသောမူဖြင့် နိုင်ငံတော်၏အနာဂတ်ကိုထူထောင်မည့်လူငယ်များ ကိုယ်စိတ်နှစ်ဖြာဖွံ့ဖြိုးတိုးတက်စေရေး၊ အားကစားစိတ်ဓာတ်ပြန့်ပွားစေရေးတို့ကို အထူးဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုလိုကျောင်းများတွင် အားကစားလှုပ် ရှားမှုများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် အားကစားစွမ်းရည် မြင့်မားရေးတို့အတွက် လိုအပ်သော အထောက်အပံ့များကို ဆက်လက်ပံ့ပိုးပေးအပ်သွားမည်ဖြစ်ပါကြောင်းနှင့် ယနေ့အားကစားခန်းမမှတစ်ဆင့် အားကစားထူးချွန်သူအမြောက်အမြား ပေါ်ထွန်းလာအောင် ကြိုးစားကြစေလို ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပညာဘဏ်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ကြီးက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းတင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ကိုယ်ပိုင်အထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က စားပွဲတင်တင်းနစ်ပြိုင်ပွဲအတွက် ချီးမြှင့်ငွေကျပ် (၂၅)သိန်းကို လည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့သည်။
ယင်းနောက် စားပွဲတင်တင်းနစ် အားကစားခန်းမနှင့် ကလပ်ပေါင်းစုံ ဖိတ်ခေါ်စားပွဲတင် တင်းနစ်ပြိုင်ပွဲကို ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ၊ ကချင်ပြည်နယ်စားပွဲတင်တင်းနစ်ဆပ်ကော်မတီဥက္ကဋ္ဌ ဦးနေမျိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အသစ်ဖွင့်လှစ်ပေးလိုက်သည့် စားပွဲတင်တင်းနစ်အားကစားခန်းမအတွင်း မြစ်ကြီးနားမြို့ပေါ်ရှိ ကျောင်းများမှ စားပွဲတင်တင်းနစ်ကလပ်အသင်း (၁၀)သင်းမှ ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်ကစားမှုများကို စိတ်ပါဝင် စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်