ငဖဲမြို့နယ်တွင် တပ်နယ်မှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ငဖဲ ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပဒါန်းတပ်နယ်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့ပူးပေါင်းစီစဉ်ကျင်းပသော တပ်နယ်မှူးဖလား ရပ်ကွက်/ကျေးရွာ ပေါင်းစုံချစ်ကြည်ရေးဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပဒါန်းကျေးရွာ အားကစားကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် ပဒါန်းတပ်နယ်မှူး ဗိုလ်မှူးချုပ်နိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တက်ရောက်လာကြသူများအား ပဒါန်းဂုဏ်ထူးတံခွန်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့က အားကစားသီချင်းဖြင့် ဧည့်ခံဖျော်ဖြေပြီး စစ်ကြောင်းမှူးဗိုလ်မှူး အောင်ဇော်မင်းဦးစီး၍ ပြိုင်ပွဲဝင်အားကစားအဖွဲ့များနှင့် ဘင်ခရာအဖွဲ့မှ တပ်နယ်မှူးဗိုလ်မှူးချုပ် နိုင်ဝင်းအား အလေးပြု၍ အားကစားသစ္စာအဓိဋ္ဌာန် ၄ ချက်ကို ရွတ်ဆိုခဲ့ကြသည်။

ထို့နောက် ပဒါန်းတပ်နယ်မှူးဗိုလ်မှူးချုပ်နိုင်ဝင်းက အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်၍ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အစွမ်းကုန် ယှဉ်ပြိုင်ကစားသွားကြရန်နှင့် ချစ်ကြည်ရင်းနှီးစွာ ယှဉ်ပြိုင်ကစားသွားကြရန် အဖွင့်အမှာစကားပြောကြားပြီး အားကစားအဖွဲ့များနှင့် ဘင်ခရာအဖွဲ့များမှ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြု၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး ပြိုင်ပွဲကို စတင်ဖွင့်လှစ်သည်။

ဘောလုံးပြိုင်ပွဲတွင် ပဒါန်းတပ်နယ်၊ ငဖဲနှင့် ရပ်ကွက်/ကျေးရွာအသင်း စုစုပေါင်း ၁၆  သင်းတို့ အုပ်စု  ၄ စုခွဲ၍ ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အုပ်စုပတ်လည်ပွဲစဉ်များကို နိုဝင်ဘာ ၃၀ ရက်နေ့မှ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ဗိုလ်လုပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၄ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအဖွင့်ပွဲစဉ်ကို ငဖဲအသင်းနှင့် ပဒါန်းတပ်နယ်(က)အသင်းတို့ ယှဉ်ပြိုင်ကစားရာ ငဖဲအသင်းကပဒါန်းတပ်နယ်(က)အသင်းကို ၂ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရရှိပြီး ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကို ပဒါန်းတပ်နယ်မှူးဗိုလ်မှူးချုပ် နိုင်ဝင်းနှင့် ဗိုလ်မှူးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ဘောလုံးအားကစားဝါသနာရှင် ပရိသတ်များ အားပေးကြည့်ရှုကြကြောင်း သိရသည်။     

မယု(ငဖဲ)