မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းရှိ စကုမြို့တွင်း ကတ္တရာလမ်းဖွင့်ပွဲ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

မင်းဘူး ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းရှိ စကုမြို့တွင်းကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက စကု​မြို့ အမှတ် (၁) ရပ်ကွက်ရှိ အဆိုပါလမ်းမပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းရှိ စကုမြို့တွင်း ကတ္တရာလမ်းဖွင့်ပွဲမုခ်ဦးအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ညိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းဖွင့်ပွဲတွင် ပါဝင်ကူညီ အားဖြည့်ပေးသော စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ကာ အဆိုပါကတ္တရာလမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ပြီး ရှင်းလင်းဆောင်၌ လမ်းဖွင့်ပွဲအခမ်းနားကို ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းသည် မင်းဘူးမြို့မှ ဆိပ်ဖြူမြို့အထိ မိုင်အားဖြင့် ၆၉ မိုင် ၇ ဖာလုံ အရှည်ရှိသော လမ်းဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၅၃ အုပ်စုမှ လူဦးရေပေါင်း ၂၁၀၀၀ ခန့်က အစဉ်အမြဲအသုံးပြုလျက်ရှိသောလမ်းဖြစ်ကြောင်း၊ ယခုကတ္တရာလမ်းအပါအဝင် လမ်းလုပ်ငန်းနှင့် သက်ဆိုင်သည့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအားလုံးကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေလုံးငွေရင်း ခွင့်ပြုငွေရန်ပုံငွေများဖြင့် ဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်ကြောင်း၊ ယခုလို လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည်နှင့်အမျှ ကုန်စည်စီးဆင်းမှုနှင့် ရောင်းဝယ်ဖောက်ကားမှုများ မြန်ဆန်တိုးတက်မြင့်မားလာပြီး ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝကို များစွာအထောက်အကူပြုစေနိုင်မည် ဖြစ်သည့်အတွက် လမ်းအသုံးပြုသူ ဒေသခံများအားလုံးက လမ်းတံတားများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ညိုတို့က မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူ လမ်းပိုင်းရှိ စကုမြို့တွင်းလမ်း အရှည် ၄ ဒသမ ၅ ဖာလုံ၊ အကျယ် ၂၄ ပေအား ကတ္တရာလမ်းအဆင့် မြှင့်တင်ခြင်း၊ ကွန်ကရစ်လမ်းပုခုံးခင်းခြင်း၊ လမ်းဘေးဝဲ/ယာ ကျောက်စီရေမြောင်း တည်ဆောက်ခြင်းစသည့် လုပ်ငန်းများအားလုံးကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ၁၄၁၆ ဒသမ ၂၀ ကျပ်သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက်၊ ဒေသခံတစ်ဦးက အဆိုပါလမ်း ဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စကုမြို့ တိုက်နယ်ဆေးရုံးသို့ သွားရောက်ပြီး ဆေးရုံအတွင်း စကုမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ဒေသခံပြည်သူများအား မင်းဘူးခရိုင်ပြည်သူ့ဆေးရုံးကြီးမှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်းဆေးကုသပေးခြင်းများ ဆောင်ရွက်နေမှုနှင့် တိုက်နယ်ဆေးရုံ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)