ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းဖွင့်လှစ်

ပေါက်ခေါင်း ဒီဇင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံမှူး၊ ဒုမဲရုံမှူး ပညာပေးသင်တန်းကို အ.ထ.က(အိုးဘိုကုန်း)၌ ယနေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်းနှင့််ပတ်သက်၍ရှင်းလင်းပြောကြားကာ ပေါက်ခေါင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက မဲရုံအဖွဲ့ဝင်ခန့်အပ်လွှာနှင့် လုပ်ငန်းလမ်းညွှန်စာအုပ်များကိုတက်ရောက်လာကြသော မဲရုံတာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် သင်တန်းကို ဆက်လက်သင်ကြားပို့ချရာ သင်တန်းတာဝန်ရှိသူများက ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲပေးသရုပ်ပြခြင်း၊ ရွေးကောက်ပွဲများကို နှောက်ယှက်ဟန့်တားဖျက်စီးခြင်းမှ ကာကွယ်ရေးဥပဒေ၊ MEVM မဲပေးစက်အကြောင်းနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများ၏ လုပ်ငန်းတာဝန်များအကြောင်းတို့ကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ စုစုပေါင်း(၁၂၀) ဦးတက်ရောက်ခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)