မြို့သစ်မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

မြို့သစ် ဒီဇင်ဘာ ၁

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းကို နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက မြေပြင်သာကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာအမှတ် (၁၇) ကာကွယ်ရေးပစ္စည်းစက်ရုံသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစောနိုင်၊ မြို့သစ်မြို့နယ်၊ နယ်မြေခံတပ်မှ စက်ရုံမှူး ဗိုလ်မှူးကြီးသိန်းလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးသည်။

ထို့နောက် အမှတ် (၁၇) ကာကွယ်ရေးပစ္စည်းစက်ရုံ၊  ခန်းမဆောင်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကျင်းပရာ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးစောနိုင်က အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက စစ်သည်၊ ရဲမေနှင့် မိသားစုဝင်များအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ကာ ဗိုလ်မှူးကြီးသိန်းလွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)