မကွေးမြို့နယ်၌ MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း နည်းပြသင်တန်းနှင့် စက်ကိုင်သင်တန်း ဖွင့်လှစ်

မကွေး ဒီဇင်ဘာ ၁

မကွေးမြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း နည်းပြသင်တန်းနှင့် စက်ကိုင်သင်တန်းတို့ကို နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပန်းဟေဝန်ခန်းမတွင် ပြုလုပ်ခဲ့သည်။

သင်တန်းတွင် ရွေးကောက်ပွဲ၌ MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် ဝန်ထမ်းများအား MEVM မဲပေးစက်များ Installation ပြုလုပ်ခြင်း၊ စက်များကို ကိုင်တွယ်အသုံးပြုနည်းများ၊ မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့် ဆန္ဒမဲပေးမည့်နေ့တွင် မဲပေးစက်များအသုံးပြုဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ နည်းပြ (၁၀)ဦးတို့ဖြင့် ဆွေးနွေးပို့ချခဲ့သည်။

အဆိုပါသင်တန်းသို့ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဝင်များ၊ မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များ၊ မဲပေးစက်ကိုင်တွယ်အသုံးပြုမည့်ဝန်ထမ်းများ၊ စုစုပေါင်း (၆၀၀)ဦးခန့် တက်ရောက်ကြကြောင်းနှင့် သင်တန်းကို နိုဝင်ဘာလ (၂၈)ရက်နေ့မှ (၂၉)ရက်နေ့အထိ (၂)ရက်ကြာ သင်ကြားပို့ချခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)