​​​​​​​တောင်သာမြို့နယ်၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေး

တောင်သာ ဒီဇင်ဘာ ၁

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း၊ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြို့ပေါ် (၆) ရပ်ကွက်တွင် Door to Door ဖြင့် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရေးအဖွဲ့ (၇) ဖွဲ့ဖြင့် ၅ ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့သို့ လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရနှင့်အဖွဲ့ဝင် ဗိုလ်မှူးဇေယျကျော်စွာ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးအရာရှိ ဦးခင်မောင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများက တစ်အိမ်တက်တစ်အိမ်ဆင်း (Door to Door) ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး၊ ပုံစံ-၃၊ ပုံစံ-၃(က)၊ ပုံစံ-၄၊ ပုံစံ-၄ (ဂ) များဖြင့် တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ၅ ရက်ကြာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

ကျော်မျိုးနိုင်(မြို့နယ်ပြန်/ဆက်)