မြဝတီ ဒီဇင်ဘာ ၁
ကရင်ပြည်နယ်၊ မြဝတီမြို့ ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးအတွင်းရှိ အောင်မြေစေတီတော် ပြန်လည်ပြုပြင်မွမ်းမံ ရွှေထီးတော်တင် မင်္ဂလာအခမ်း အနားကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့၊ မြသုခ၊ တပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ ဒေါက်တာပညာနန္ဒနှင့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မတည်အလှူရှင် ကရင်ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးစောမုန်သုန်နှင့် (၇)ရက် သားသမီး အလှူရှင်များက သံဃာတော် အရှင်သူမြတ်များထံ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်တို့ထံ စိန်ဖူးတော်၊ ငှက်မြက်နားတော်၊ ရွှေထီးတော်အထွဋ်တို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး မြသုခ၊ တပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ ဒေါက်တာပညာနန္ဒထံမှ ပရိတ်တရားတော် နာယူခဲ့ကြသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ စိန်ဖူးတော်၊ ငှက်မြက်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို မတည်အလှူရှင် ကရင်ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးစောမုန်သုန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပင့်ဆောင်၍ ရွှေမြင်းဝန်စေတီတော် မြတ်ကြီးအား လက်ယာရစ် (၃) ပတ် လှည့်လည်ပူဇော်ခဲ့ကြကာ အောင်မြေစေတီတော်အား ရွှေထီးတော်အဆင့်ဆင့် ငှက်မြက်နားတော်၊ စိန်ဖူးတော်တို့ကို တင်လှူပူဇော်ခဲ့ကြသည်။
အဆိုပါ အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မော်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မတည်အလှူရှင် ကရင်ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးစောမုန်သုန်နှင့် (၇) ရက် သားသမီး အလှူရှင်များက လှူဒါန်းမှုအစုစုကို ရေစက်သွန်းချ အမျှပေးဝေပြီး ဗုဒ္ဓသာသနာစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)