မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ဆောင်းရာသီနှင့်ကျန်းမာရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

မန္တလေး  ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၁၀ နာရီက ဆောင်းရာသီနှင့်ကျန်းမာရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆောင်းရာသီ ရောက်လာသည့်အချိန်တွင် ဖြစ်တတ်သော ရောဂါများအကြောင်း၊ ဆောင်းရာသီတွင် ကျန်းမာရေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊  ကိုယ်လက်လှုပ်ရှား ကျန်းမာရေးများ လုပ်ဆောင်ဖို့ရန်လိုအပ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသည့် အမှတ်(၂၅) အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသူလေးများက ဆောင်းရာသီနှင့်ကျန်းမာရေးသက်ဆိုင်သည့် စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဆုများလည်း ပေးအပ်ချီးမြှင့်ခဲ့သည်။ စာဖတ်ဝိုင်းတွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ကျောင်းသား၊ ကျောင်းသူများ စာများများဖတ်ဖို့ရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် စာပေအကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသည့် ကျောင်းသူလေးများကလည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ တက်ရောက်လာသည့် ကျောင်းသူလေးများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)