ပျော်ဘွယ်မြို့နယ်တွင် အသက်(၉)နှစ်မှ (၁၂)နှစ်မပြည့်သေးသူ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပျော်ဘွယ် ဒီဇင်ဘာ ၁

ပျော်ဘွယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ အသက်(၉)နှစ်မှ အသက်(၁၂)နှစ်မပြည့်သေးသူ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ထိုးနှံရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့အောင်ကနိုင်ငံအတွင်း သားအိမ်ခေါင်းကင်ဆာ ကာကွယ် ဆေးထိုးနှံပေးနေမှုအခြေအနေများ၊ စာရင်းကောက်ယူခြင်းနှင့် ကာကွယ်ဆေးထိုးနှံမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့် နှီးနွယ်ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြပြီး အသက်(၉)နှစ်မှ အသက် (၁၂)နှစ် မပြည့်သေးသူ အမျိုးသမီးငယ်များအား စာရင်းကောက်ယူခြင်း၊ သားအိမ်ကင်ဆာကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းတို့ကို ဒီဇင်ဘာလအတွင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)