မကွေး ဒီဇင်ဘာ ၁
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှု လက်ကမ်းစာစောင်များအား မကွေးမြို့တွင် တက္ကသိုလ်၊ ကောလိပ်များ၌ ယနေ့နံနက်ပိုင်းမှစတင်၍ ဖြန့်ဝေလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို မကွေးမြို့ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်တို့၌ တက်ရောက်ပညာသင်ကြားနေသော ကျောင်သား၊ ကျောင်းသူများ လက်ဝယ်အရောက် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်တွင် "ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်မရှိပါ” စသောအကြောင်းအရာများ ပါဝင်ကြောင်းသိရှိရသည်။
ဆက်လက်၍ တိုင်းအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများသို့လည်း ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)