မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများမကျန်ရှိစေရေး မဲစာရင်းကွင်းဆင်းစစ်ဆေး

အမရပူရ  ဒီဇင်ဘာ  ၁

ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်စေရေးနှင့် မကျန်ရှိစေရေး အမရပူရမြို့နယ်၌ မြေပြင်ကွင်းဆင်း မဲစာရင်းလိုက်လံစစ်ဆေးခြင်းလုပ်ငန်းကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ဒေါင်းရွေးကျေးရွာအုပ်စုနှင့် ဆင်ဘိုးကျေးရွာအုပ်စုတို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ စစ်ဆေးရာတွင် အမရပူရမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးမျိုးမင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမရပူရမြို့နယ် ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းနှင့်ဝန်ထမ်းများ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ မဲစာရင်းများမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့် မကျန်ရှိစေရေးအတွက် မဲစာရင်းစစ်ဆေးခြင်းလုပ်ငန်းအဖွဲ့များဖွဲ့စည်းပြီး တာဝန်ကျရာ ရပ်ကွက်/ကျေးရွာများကို တာဝန်ယူ၍  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ပူးပေါင်းကာ လမ်းအလိုက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)