ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ သံချည်သံကွေးအဆင့် (၁) နှင့် ကျောက်ပုံးရိုက်အဆင့် (၁) သင်တန်း ဖွင့်လှစ်ပေး

ပဲခူး ဒီဇင်ဘာ ၁

ပဲခူးမြို့၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ သံချည်သံကွေးအဆင့် (၁) နှင့် ကျောက်ပုံးရိုက်အဆင့် (၁) သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆောက်လုပ်ရေးလုပ်ငန်းသည် နေရာဒေသမရွေး၊ ရာသီမရွေး လုပ်ကိုင်ရသည့်လုပ်ငန်းဖြစ်သည်နှင့်အညီ လူဦးရေများစွာကို တစ်နေရာတည်း အလုပ်အကိုင်အခွင့်များရရှိနိုင်သည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ လက်ရှိဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် လုပ်ကိုင်လျက်ရှိသော လုပ်သားများသည် တစ်စိတ်တစ်ဒေသ ကျွမ်းကျင်သူများနှင့် လုံလောက်သော ပုံမှန်လေ့ကျင့်မှုမရှိဘဲ လုပ်ကိုင်နေသာ လုပ်သားများအဆင့်သာရှိသည့်အတွက် ယခုသင်တန်းသည် သင်တန်းသားများ၏ ကျွမ်းကျင်မှုအဆင့်ကို အမျိုးသားအဆင့်မီအောင် လေ့ကျင့်သင်ကြား ပေးပြီး တစ်ဦးချင်းစီကို “မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့”မှ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အာစီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကဏ္ဍအလိုက်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရ လုပ်သားများရှိမှသာ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ လုပ်သားများနှင့်ယှဉ်ပြိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိနိုင်မှာဖြစ်သဖြင့် ကိုယ်ရည်ကိုယ်သွေးမြှင့်တင်၍ ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့ဒေသမှာရှိတဲ့ ကျွမ်းကျင်လုပ်သားများထဲက အသင့်တော်ဆုံးလို့သတ်မှတ်ပြီး သင်တန်းတက်ရန် စေလွှတ်ခြင်းခံရသူများဖြစ်၍ သက်မွေးပညာရပ်ဆိုင်ရာပညာရပ်တွေကို ကျွမ်းကျင်အောင် ကြိုးစားလေ့လာသင်ယူပြီး လက်တွေ့လုပ်ငန်းများ ဆောင်ရွက်သည့်အခါ ကြံ့ခိုင်ကောင်းမွန်ဘေးကင်း လုံခြုံသော အဆောက်အဦများဖြစ်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးဝင်းမင်းထွဋ်က သံချည်သံကွေးအဆင့်(၁)နှင့် ကျောက်ပုံးရိုက်အဆင့်(၁) သင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး သင်တန်းခန်းမများနှင့် သင်ထောက်ကူပစ္စည်းများအား လှည့်လည် ကြည့်ရှုခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဒေသတွင်းသာမက ပြည်ပအလုပ်အကိုင်အခွင့်လမ်းများ ရရှိရေး၊ ထိုက်တန်သည့် လုပ်ခလစာရရှိနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့၊ ကဝမြို့၊ သနပ်ပင်မြို့နှင့် ဝေါမြို့နယ်တို့မှ သင်တန်းသားစုစုပေါင်း(၆၀) ဦးအား သံချည်သံကွေးအဆင့် (၁) နှင့် ကျောက်ပုံးရိုက်အဆင့် (၁) သင်တန်းတို့အား ရက်သတ္တပတ် (၄) ပတ်ကြာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်းမှ နည်းပြဆရာ/ဆရာမများနှင့် စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ(၂)အစည်းအဝေးခန်းမ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းပါရှိစေရေး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ ကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများဖြင့် မဲစာရင်းပြုစုခြင်း၊ တိုက်ဆိုင်စစ်ဆေးခြင်းတို့ ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး မကြာခင်က နိုင်ငံတော်အစိုးရမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများ မဲစာရင်းကျန်ရှိမှုမရှိစေရေးနှင့် ရပ်ကွက်အတွင်း Door to Door မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ခြင်းအဖွဲ့များ၏ စာရင်းအား စနစ်တကျ ထည့်သွင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)