ရွေးကောက်ပွဲအောင်မြင်စွ ကျင်းပနိုင်စေရေးနှင့် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေး Door to Door ဆောင်ရွက်နေမှုများအား မန္တလေးတိုင်းလူမှုရေးရာဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးသည် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာ ၁ ရက်နေ့နံနက် (၉)နာရီက ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိ၍ စကားဝါမြေခန်းမတွင် ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများအား တွေ့ဆုံပြီး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ မဲစာရင်းများ တိကျမှန်ကန်မှုရှိစေရေးနှင့် ပြည်သူများ စိတ်ပါဝင်စားစွာ မဲစာရင်းလာရောက်ကြည့်ရှုရေး အစရှိသည်တို့ကို ဆွေးနွေးမှာကြားပြီး ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးသည်။

ယင်းနောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးသည် ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများနှင့်အတူ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ကျောက်ပန်တောင်း)သို့ ရောက်ရှိပြီး၊ မြန်မာအီလက်ထရောနှစ် မဲပေးစက်(MEVM)များ Installation လုပ်ငန်း ဆောင်ရွက်ခြင်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် လွတ်လပ်ရေးရပ်ကွက်၊ တမ္ပဝတီရပ်ကွက်၊ ဈေးကွက် သစ်ရပ်ကွက်နှင့် လယ်ယားတောင်ကျေးရွာတို့တွင် ဒုတိယအကြိမ် မဲစာရင်းကပ်ကြေညာထားရှိမှုတို့အား ကြည့်ရှုခဲ့ပြီး၊ မဲစာရင်းများ တိကျမှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း Door to Door ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)