ဖာပွန်မြို့နယ်၊ကမမောင်းမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေး ရပ်ကွက်/ကျေးရွာမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့မှ ဆက်လက်ကွင်းဆင်း စိစစ်ဆောင်ရွက်

ကမမောင်း ဒီဇင်ဘာ ၁

 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ​ထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် ပါ/မပါအား သိရှိနိုင်ရေး၊ ကျန်ရှိမှု မ​ဖြစ်စေရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၃၀ ရက်နေ့နံနက်တွင်လည်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များက ဝါကော်ကျေးကျေးရွာအုပ်စုနှင့် အမှတ် (၂) ရပ်ကွက်များသို့  နံနက်(၈)နာရီမှ စတင်ကာ တစ်အိမ်တက်ဆင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ဝင်များက မြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်တို့တွင် ဒုတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာမှုကို ပြည်သူများလာရောက် ကြည့်ရှုမှုအပြင် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မိမိရပ်ကွက်အတွင်းနေထိုင်သည့် အိမ်ထောင်စုအလိုက် မဲစာရင်းပါ/မပါ  တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ (၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ (၄-ဂ)ဖြင့်လည်းကောင်း မဲစာရင်းထုတ်ပြန်ကြေညာသည့် ရက်မှစ၍ ၁၄ ရက်အတွင်း သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

ကမမောင်း (ပြန်/ဆက်)