ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိ

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများကို ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့် ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးအတွက် နိုဝင်ဘာ ၂၇ ရက်နေ့မှစ၍ သက်ဆိုင်ရာတာဝန်ရှိသူများက အဖွဲ့များခွဲ၍ ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရပ်ကွက်ကော်မရှင် အဖွဲ့ဝင်များ ပူးပေါင်း၍ အိမ်ထောင်စုလူဦးရေစာရင်းတွင် ပါ၀င်သည့်အမည် စာရင်းနှင့် မဲစာရင်း၌ ပါ၀င်သည့် အမည်စာရင်းမှန်/မမှန်၊ မဲစာရင်း၌ မိမိအမည် မပါဝင်ပါက ပုံစံ (၃) ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် အမည်စာရင်းမပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄/ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့်‌ ဆောင်ရွက်နေမှုအား မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး၍ လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျနှင့် အချိန်မီပြီးစီးရေး၊ စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးဆွေးနွေးပြောကြားပြီး၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ဝေယံ (ပြန်/ဆက်)