ဘားအံ ဒီဇင်ဘာ ၂
လူ့စွမ်းအားအရင်းအမြစ်၏ အစဦးဆုံးဖြစ်သော မူကြိုအရွယ်ကလေးသူငယ်များကို နည်းစနစ်မှန်မှန်ဖြင့် ပြုစုပျိုးထောင်ပေးနိုင်ရေး ကရင်ပြည်နယ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းပြည်နယ်ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အသက်(၃)နှစ်မှ (၅)နှစ်အရွယ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချပေးလိုက်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံစံနှုန်းများနှင့် သဘောတရားများကို လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင် လိုက်လျောညီထွေစွာ ဆောင်ရွက်တတ်ရန်နှင့် ပြောင်းလဲတိုးတက်နေသည့်နည်းပညာများကို မျက်ခြေမပြတ်စေဘဲ ခေတ်မီဆန်းသစ် သည့် နည်းစနစ်များနှင့်အညီ ပေါင်းစပ်ပြီး ကလေးများသင်ယူမှုအခွင့်အလမ်းများရရှိအောင် ဖန်တီးဖော်ဆောင်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူများအား စားစရိတ်ငွေကျပ် (၃၂) သိန်းနှင့် သင်တန်း ထူးချွန်ပထမ ဆုရရှိသော သင်တန်းသူအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကက သင်တန်းထူးချွန် တတိယဆုနှင့် ဒုတိယဆုရရှိသူများအား ဂုဏ်ပြုဆုများနှင့် သင်တန်းသူများ၏ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင် အဆိုပြုလွှာပေးအပ်ခြင်းကို လက်ခံရယူကာ ပြည်နယ်လူမှုရေးရာဝန်ကြီးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် သင်တန်းသူဆရာမများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး သင်တန်းသူများက တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြ ဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသူဆရာမများအား ရင်းနှီးနွေးထွေးစွာတွေ့ ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ခင်းကျင်းပြသထားသော ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာသင်ထောက်ကူပစ္စည်းများကို ကြည့်ရှုအားပေးကာ အမှတ်(၂) မူလတန်းကြိုကျောင်းအတွက် အထွေထွေအသုံးစရိတ် ငွေကျပ်(၃) သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)