လိပ်သို ဒီဇင်ဘာ ၂
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင်ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်နှင့် ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာမည်ဖြစ်ကြောင်း၊ လူရှေ့သူရှေ့တွင် ပြောရဲဆိုရဲလာမည်ဖြစ်ကာ အသိအမြင် ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်မည်သည့် ပြိုင်ပွဲကိုမဆို ဆုရသည်၊ မရသည် အဓိကမထားဘဲ ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။
ဆက်လက်၍ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ခေါင်းစဉ်အလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများအပြီးပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့ဦးစီးမှူးက ကျောင်းသုံးဗလာစာအုပ်များ၊ ဘောပင်များကို လက်ဆောင်ပေးအပ်ကာ အာဟာရမုန့်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
နော်ဖလောရင်း