မင်းလှမြို့နယ်၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

အထက်မင်းလှ ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီက မင်းလှမြို့ မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ အလုပ်လုပ်နိုင်သည့် ကလေးသူငယ်၏ အသက်အရွယ် အပိုင်းအခြားနှင့်ပတ်သက်ပြီး ပြဌာန်းထားရှိသည့် ဥပဒေများ၊ ရပိုင်ခွင့်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးအဖြစ် အရွယ်မတိုင်မီ ကလေးအလုပ်သမားဘဝသို့ မရောက်စေရန် မိဘများမှ သတိထားရမည့်အချက်များ၊ ကျောင်းနေအရွယ်တွင် ပညာရေးကို ဦးစားပေးသင့်ကြောင်း၊ မိဘနှင့် သားသမီးဆက်ဆံရေးတွင် သိရှိသင့်သည့် အကြောင်းအရာများ၊ လမ်းမှန်ပေါ်ရောက်ရှိစေရန် ထိန်းကျောင်းပေးရမည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်များ၏ မိဘအုပ်ထိန်းသူများအား အသိပညာဗဟုသုတရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဝင်းမောင်၊ မင်းလှမူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အိဖြိုးမွန်၊ ဆရာမများနှင့် မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်များ၏ မိဘအုပ်ထိန်းသူများ စုစုပေါင်းအင်အား(၆၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)