တောင်တွင်းကြီး ဒီဇင်ဘာ ၂
ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လွတ်လပ်ရေး၏ တန်ဖိုး၊ လွတ်လပ်ရေး၏ အနှစ်သာရကို လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာ တောင်တွင်းအောင်သက်ဦးက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ မြန်မာ့လွတ်လပ်ရေးကာလတလျှောက် ချုပ်ဆိုခဲ့သော စာချုပ်များအကြောင်း၊ လွတ်လပ်ရေး၏ အနှစ်သာရနှင့် တန်ဖိုးရှိပုံ၊ အနာဂတ်လူငယ်များအနေဖြင့် လွတ်လပ်ရေးကို ထာဝစဉ်ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်များ၊ လူငယ်ကဏ္ဍအရေးကြီးပုံ၊ တန်ဖိုးရှိသောလူငယ်များဖြစ်စေရေး ဘက်ပေါင်းစုံမှ လေ့လာကြိုးစားရန်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဝင်မှတ်တမ်းဓါတ်ပုံများ၊ ဗိုလ်ချုပ်မိသားစု မှတ်တမ်းဓါတ်ပုံများ၊ ဗိုလ်ချုပ်၏ သမိုင်းဝင်လက်ရေးမူများနှင့် အသိပညာဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေဖတ်ကြစို့ အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)