ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရှေးဟောင်းဘုရားများပေါ် ပေါက်ရောက်နေသည့် သစ်ပင်များအား ဓာတုဆေးရည်ဖြင့် သစ်ပင်ရှင်းလင်းခြင်းများဆောင်ရွက်

ညောင်ဦး ဒီဇင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းဘုရား၊ ရှေးဟောင်းသာသနိကအဆောက်အအုံများပေါ် ပေါက်ရောက်နေသည့် သစ်ပင်များရှင်းလင်းခြင်းကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန-ပုဂံဌာနခွဲ၊ တာဝန်ရှိသူများနှင့် ပုဂံအမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့တို့ပူးပေါင်း၍ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ လိုဏ်ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိကအဆောက်အဦများပေါ် ပေါက်ရောက်နေသည့် ညောင်ပင်၊ မဏိသံလျက်ပင်၊ စောင်းချမ်းပင်၊ ပေါင်းပင်များအား ဓာတုဆေးရည်များဖြင့် အပင်သတ်ခြင်း၊ ရှင်းလင်းခြင်းလုပ်ဆောင်ခဲ့သည်။

သစ္စာဝတီဘုရား၊ ရှင်ပင်သန့်ရှင်း(ဘုရားနီ)၊ ရွှေနန်းရင်တောအုတ် တိုက်အစုအဝေးရှိ ဘုရားများ၊ နားတောင်းတပ်ဘုရား၊ မြင်းကပါဂူပြောက်ငယ်ဘုရားများ ပေါ်ပေါက်ရောက်နေသည့် သစ်ပင်များအား ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန-ပုဂံဌာနခွဲ၊ တာဝန်ရှိသူများနှင့်ပုဂံအမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ သစ်ပင်များရှင်းလင်းနိုင်ရန် ဓာတုဆေးရည်ဖြင့် သစ်ပင်သတ်ခြင်းလုပ်ကိုင်ခြင်းနှင့် အပင်များသေသွားသည့် နေရာများအား သရွတ်ဖြင့်အနားသတ်ကြားသိတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးညီမွန်းက ပြောကြား၍ သိရသည်။

ဒီပါလင်း