တိုက်ကြီး ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် အခြေခံမဲစာရင်းတွင် ပါဝင်သင့်ပါဝင်ထိုက်သူများ မကျန်ရှိစေရေးရည်ရွယ်ကာ မဲစာရင်းများကို Door To Door စနစ်ဖြင့် အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်နှင့်ကျေးရွာများအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့၏ ကြီးကြပ်မှု၊ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက မိမိတို့သက်ဆိုင်ရာနယ်မြေအလိုက် မဲစာရင်းပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး Door To Door စနစ်ဖြင့် ဆောင်ရွက်ခြင်းလုပ်ငန်းများကို နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်နေ့အထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)